ပူတာအို ကောင်းမှုလုံဘုရားအထက်ဘက် မေလိခမြစ်အတွင်း လေယာဉ်ပျက်တစ်စီးတွေ့ရှိ

ပူတာအို ကောင်းမှုလုံဘုရားအထက်ဘက် မေလိခမြစ်အတွင်း လေယာဉ်ပျက်တစ်စီးတွေ့ရှိ
ဓာတ်ပုံ- ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး
ဓာတ်ပုံ- ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး
Published 18 October 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ပူတာအိုခရိုင် ၊မချမ်းဘောမြို့နယ် ၊ကောင်းမှုလုံဘုရားအထက်ဘက် မန်နိုကျေးရွာ ကူတို့ဆိပ်အနီး၌ လေယာဉ်ပျက်တစ်စီး တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရသည်။

အဆိုပါ လေယာဉ်ပျက်အား အောက်တိုဘာလဆန်းပိုင်းတွင် ဒေသခံလူငယ်များက ငါးဖမ်းထွက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပူတာအိုဒေသခံ ကိုချစ်လှိုင်က ဆိုပါသည်။

'' အခုပဲ ကြည့်လာခဲ့တယ်။ ကြယ်အစိမ်းထဲမှာ အနီပါတယ်။ ရေက သုံးပေကျော်လောက်ပဲ ရှိမယ်။ ရေစီးသန်နေတယ်။ အမြီးတောင်ပံပိုင်းလို့ ယူဆတယ်။ ရေပေါ်ပေါ်နေတာ ပေ ၂၀ လောက်၊အနံ လေး ငါးပေလောက်ပေါ့။ ကိုယ်ထည်ပိုင်းက ဆွေးနေတယ်။ မူရင်းကတည်းက ရှိနေပုံပဲ။ သဲတွေ ဖုံးနေတာကို။ ကိုယ်ထည်က ပေါက်နေပြီ။ အဖိုးအဖွားတွေ ပြောပြချက်ကတော့ အရင်လွတ်လပ်ရေးမရခင်က လေယာဉ်တွေ ပျက်ကျခဲ့တာတွေ ရှိနေတယ်။ အတော်များများကို ရှိတယ်။ တောင်ပံဘက်မှ ဆေးနဲ့ 039 လို့ ရေးထားတယ်''ဟု ပူတာအိုဒေသခံ ကိုချစ်လှိုင်က ဆိုသည်။

ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ကျသူတစ်ဦးက ဒေသခံ တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးက ယင်းလေယာဉ်ပျက်ကို သွားရောက် စစ်ဆေးနေဆဲဖြစ်ပြီး လုံခြုံရေးထားရှိသွားရန် ရှိကြောင်း ပြောကြားသည်။

ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ''ဒီနေ့ပဲ ကွင်းဆင်းခဲ့ပါတယ်။ ကမ်းနဲ့ ပေ ၃၀ အကွာလောက်မှာပါ။ မျှောလာတာထက် ရေကြောင်းပြောင်းလို့ ပေါ်လာတဲ့ သဘောပါ။ ရေကျချိန်ဆိုတော့ ရေစီးသန်နေတယ်။  ဆောင်းရာသီရောက်ရင်တော့ ရေပေါ်သလောက် ဖြစ်သွားမှာပါ။ ဒုတိယကမ္ဘာစစ်ကျန်ကတော့ သေချာတယ်။ ဘယ်အဖွဲ့က ကျန်တယ်ဆိုတာ မသိပါဘူး။ တပ်မတော်ကလည်း ဒီနေ့ပဲ ကွင်းဆင်းပြီး လုံးခြုံရေးယူထားပါတယ်''ဟု ပြောကြားသည်။

ပူတာအိုဒေသသည့် မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံး ခရိုင်တစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသတစ်ခု ဖြစ်သည်။

Most Read

Most Recent