မြောင်းမြမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူ အနှေးယာဉ်လုပ်သားများသည် အနှေးယာဉ်အစင်း ငါးရာကျော်ဖြင့် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက မြို့အနှံ့လှည့်လည် အင်အားပြ မဲဆွယ်စည်းရုံးခဲ့သည်။
အဆိုပါ အင်အားပြလှည့်လည်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လူငယ်များနှင့် ဝန်းရံသူလူငယ်များမှ ကူညီခဲ့ကြခြင်းဖြင်းဖြစ်ကြောင်း လှည့်လည်ပွဲတွင် ကြေညာချက်များအရသိရသည်။

ယင်းအင်အားပြလှည့်လည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့မှ Mask များ ဝေငှခဲ့ခြင်းလည်း ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ထို့ပြင် မြောင်းမြမြို့၌ပင် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် NLD ပါတီ ဝန်းရံသူများက မော်တော်ယာဉ်အစင်းရေ ၂၀၀ ကျော်ဖြင့် ထပ်မံအင်အားပြလှည့်လည်ခဲ့သည်။

ထိုသို့ မော်တော်ယာဉ်များဖြင့် ထပ်မံအင်အားပြလှည့်ခဲ့မှုတွင် မော်တော်ဆိုင်ကယ်ဖြင့် အင်အားပြ လှည့်လည်သူများကလည်း ပူးပေါင်းပါဝင် အင်အားပြခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ ပါတီအောင်နိုင်ရေးအဖွဲ့နဲ့ ကိုယ်စားလှယ်လောင်းတွေက စီစဉ်တာတော့ မဟုတ်ဘူး။ ဝန်းရံသူတွေက လုပ်ဆောင်တာဖြစ်တယ်။ ကျွန်တော် နံနက်ပိုင်းမှာ Mask တွေ ဝေပေးတယ်ဆိုတာက ရွာတွေဘက်သွားဖို့ ထွက်လာရင်းနဲ့ ရုံးရှေ့မှာ သူတို့တွေဖြတ်လာတွေ့လို့ လိုအပ်ရင်အသုံးပြုရအောင် ကျွန်တော်တို့ ဝေပေးလိုက်ပါ” ဟု NLD ပါတီ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းအောင်က ပြောကြားသည်။

လူစုလူဝေးဖြင့် အောင်နိုင်ရေး လှည့်လှည်မှုများကို ယာယီဆိုင်းငံ့ထားကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီမှ အောက်တိုဘာ ၃ ရက်တွင် စာထုတ်ပြန်ခဲ့သော်လည်း လှည့်လှည်ပွဲများ ဆက်လက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပါတီအောင်နိုင်ရေးအတွက် လူစုလူဝေးဖြင့် လှည့်လည်မှုများကို NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူဟုဆိုသူများက အများဆုံး လုပ်ဆောင်လျက် ရှိသည်။

ထို့ပြင် မြောင်းမြမြို့တွင် အောက်တိုဘာ ၁၅ ရက်တွင်လည်း မြို့လုံးကျွတ်လှည့်လည်ပွဲ ပြုလုပ်ရန် လက်ကမ်းစာစောင်များ ဝေငှခြင်းကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
















