ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၁၈)သင်းသာပါဝင်သော ပြိုင်ပွဲအဖြစ် ပြောင်းလဲရန် Project Big Picture ဟူသည့် အဆိုပြုမှုထွက်ပေါ်

ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၁၈)သင်းသာပါဝင်သော ပြိုင်ပွဲအဖြစ် ပြောင်းလဲရန် Project Big Picture ဟူသည့် အဆိုပြုမှုထွက်ပေါ်
Photo: Football 365
Photo: Football 365
Published 12 October 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲကို လက်ရှိယှဉ်ပြိုင်နေသည့် အသင်း(၂၀)ပုံစံမှ အသင်း(၁၈)သင်းသာ ပါဝင်သော ပြိုင်ပွဲအဖြစ် အပြောင်းအလဲလုပ်ရန် အဆိုပြုမှု ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ ယခုအဆိုပြုမှုကို လီဗာပူးလ်အသင်းပိုင်ရှင်များက ဦးဆောင်ခဲ့ပြီး မန်ယူအသင်းက ထောက်ခံခဲ့ကြောင်း၊ ပြိုင်ပွဲဝင်အသင်းအရေအတွက် လျှော့ချရန်အပြင် အခြားအချက်များစွာလည်း ပါဝင်ပြီး ယခုအဆိုပြုမှုကို Project Big Picture ဟု အမည်ပေးထားကြောင်း သိရသည်။

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်သည့် Fenway Sports Group သည် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြောင်းအလဲပြုလုပ်ရန် ၂၀၁၇ ခုနှစ်ကတည်းက ဆန္ဒရှိနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် ကနဦးဆွေးနွေးကာ ထောက်ခံမှုရယူနိုင်ခဲ့သလို၊ မန်စီးတီး၊ စပါး၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့ကလည်း သဘောတူလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ယင်းအဆိုပြုမှုကို လက်ရှိအချိန်တွင် တရားဝင်ချပြခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အောက်တန်းလိဂ်မှအသင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေချိန်၌ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် အကူအညီပေးနိုင်မည်ဟူသော အကြောင်းပြချက်အပေါ် အခြေခံခြင်းဖြစ်ကြောင်း သိရသည်။

အဓိကအပြောင်းအလဲပြုလုပ်လိုသည့် အဆိုပြုချက်များမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို (၁၈)သင်းသို့ လျှော့ချရန်၊ ပရီးမီးယားလိဂ်၊ လိဂ်ချန်ပီယံရှစ်၊ League One နှင့် League Two ပြိုင်ပွဲ(၄)ခုပေါင်းတွင် (၉၂) သင်းရှိရာမှ အသင်း(၉၀)သို့ လျှော့ချရန်၊ ပရီးမီးယားလိဂ်မှ အောက်ဆုံး(၂)သင်းသာ တိုက်ရိုက်တန်းဆင်းပြီး လိဂ်ချန်ပီယံရှစ်မှ ထိပ်ဆုံး(၂)သင်းသာ တိုက်ရိုက်တန်းတက်ရန်၊ တန်းဆင်းတန်းတက်လက်ကျန်တစ်နေရာအတွက် Play-off ယှဉ်ပြိုင်ကစားပြီး ဆုံးဖြတ်ရန်၊ လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတို့ကို ဖျက်သိမ်းရန်၊ ပရီးမီးယားလိဂ်၏ အသင်းအရေအတွက် လျှော့ချမည့်အစီအစဉ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အရှည်ကြာဆုံးယှဉ်ပြိုင်ခဲ့သည့် အသင်း(၉)သင်းထဲမှ (၆)သင်း၏ ထောက်ခံမှုရရှိပါက အတည်ပြုလက်ခံပေးရန်တို့ ပါရှိခဲ့ကြောင်း သိရသည်။

ယခု အဆိုပြုမှုကို လီဗာပူးလ်အသင်း၏ အမှုဆောင်ချုပ်ဟောင်းဖြစ်သည့် အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ရစ်ခ်ပယ်ရီက ထောက်ခံခဲ့ပြီး အင်္ဂလန်ဘောလုံးလောကအပေါ် ရေရှည်အတွက်ရော ရေတိုအတွက်ပါ အကျိုး ရှိစေမည့် အပြောင်းအလဲဖြစ်သည်ဟု ကြေညာချက်ထုတ်ခဲ့ကြောင်း သိရသည်။

သို့သော် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကမူ ရစ်ခ်ပယ်ရီ၏ ထောက်ခံမှုမှာ စိတ်ပျက်စရာဖြစ်သည်ဟု ဆိုခဲ့ပြီး ကပ်ဘေးကာလ ဘဏ္ဍာရေးအခက်အခဲကို အခြားနည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ ''မီဒီယာများ၏ ဖော်ပြမှုအရ မိမိတို့ သိရှိရသည့် အဆိုပြုမှုမှာ တစ်ဦးတစ်ယောက်၏ ယူဆချက်အပေါ်တွင်သာ အခြေခံပြီး ပြိုင်ပွဲတစ်ခုလုံးကို ပျက်စီးသွားစေနိုင်ကြောင်း၊ အများ၏သဘောထားကိုသာ အလေးအနက်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကပ်ဘေးအတွက် လိုအပ်သောငွေကြေးကို လက်တွဲလုပ်ဆောင်ခြင်းနည်းဖြင့်သာ ဖြေရှင်းနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း''ပါရှိခဲ့သည်။

Most Read

Most Recent