အိုင်ယာလန်၊ ဖင်လန်တို့နှင့် Nations League ပွဲစဉ်များ ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ဖိုဒန်၊ ပါလ်မာနှင့် ဝက်ကင်စ်တို့ နုတ်ထွက်

အိုင်ယာလန်၊ ဖင်လန်တို့နှင့် Nations League ပွဲစဉ်များ ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ဖိုဒန်၊ ပါလ်မာနှင့် ဝက်ကင်စ်တို့ နုတ်ထွက်
Photo: BBC
Photo: BBC
Published 5 September 2024

 

အင်္ဂလန်အသင်း၏ နာမည်ကျော်ကစားသမားများဖြစ်သည့် ဖိုဒန်၊ ပါလ်မာနှင့် ဝက်ကင်စ်တို့သည် အိုင်ယာလန်၊ ဖင်လန်အသင်းတို့နှင့် UEFA Nations League ပွဲွစဉ်များ ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်အသင်း၏လူစာရင်းမှနုတ်ထွက်ခဲ့ကြကြောင်း သိရှိရသည်။ 

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားသည့် မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဖိုဒန် သည် အင်္ဂလန်ယာယီနည်းပြ ကာစလေ၏ ရွေးချယ်ခြင်းကို ခံခဲ့ရသော်လည်း ဖျားနေသောကြောင့် အသင်းနှင့်ပူးပေါင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာနှင့် အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်တို့ မှာမူ အသင်းကို သတင်းပို့ခဲ့သော်လည်း ကြံ့ခိုင်မှုပြန်လည်ဝရေးအတွက် သက်ဆိုင်ရာကလပ်အသင်းများသို့ ပြန်သွားခဲ့ကြကြောင်း အင်္ဂလန်အသင်းဘောလုံးအဖွဲ့ချုပ်(FA) က ထုတ်ပြန်ခဲ့သည်။ 

အင်္ဂလန်အသင်းသည် ၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ League (B) Group (2) တွင် ဖင်လန်၊ အိုင်ယာလန်၊ ဂရိအသင်းတို့နှင့်အတူ ကျရောက်နေပြီး စက်တင်ဘာ (၇) ရက်တွင် အိုင်ယာလန်(အဝေး)၊ စက်တင်ဘာ (၁၀) ရက်တွင် ဖင်လန်(အိမ်)တို့နှင့် ကစားရမည်ဖြစ်သည်။ အိုင်ယာလန်နှင့်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ယူရို ၂၀၂၄ ဗိုလ်လုပွဲတွင် စပိန်အသင်းကို ရှုံးနိမ့်ပြီးနောက် ကစားမည့်ပထဆုံးပွဲဖြစ်သည်။ 

ထို့အတူ နည်းပြ ဆောက်ဂိတ် ထွက်သွားပြီးနောက် သြဂုတ် (၉) ရက်တွင် အင်္ဂလန်အသင်း ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် ကာစလေအတွက်လည်း ပထမဆုံးပွဲစဉ်ဖြစ်လာမည်ဖြစ်သည်။ ကာစလေသည် Nations League ပွဲစဉ်များအတွက် အန်ဂျယ်ဂိုးမက်စ်၊ လစ်ဗရာမန်တို၊ ဂစ်ဘ်ဝှိုက်၊ မာဒူအေကေ တို့ကဲ့သို့ ကစားသမားများကို အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ထားသည်။ 

ထို့ပြင် ၎င်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ရွေးချယ်မခံခဲ့ရသည့် မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်နှင့် မန်ယူနောက်ခံကစားသမား မက်ဂွိုင်းရားတို့ကိုလည်း ရွေးချယ်ထားသည်။

Most Read

Most Recent