မိမိကိုကြိုဆိုခဲ့သည့် ရိုးမားပရိသတ်များအတွက် ပြန်လည်ပေးဆပ်သွားမည်ဟု စမောလင်း ဆို

မိမိကိုကြိုဆိုခဲ့သည့် ရိုးမားပရိသတ်များအတွက် ပြန်လည်ပေးဆပ်သွားမည်ဟု စမောလင်း ဆို
Photo: Roma FC Twitter
Photo: Roma FC Twitter
Published 7 October 2020

ရိုးမားနောက်ခံလူသစ် စမောလင်းက မိမိကို လေဆိပ်တွင် ကြိုဆိုခဲ့ကြသည့်အသင်းပရိသတ်များအတွက် အစွမ်းကုန်ပြန်လည်ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ စမောလင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက ရိုးမားအသင်းတွင် တစ်ရာသီအငှားဖြင့် လာရောက်ကစားခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရိုးမားအသင်းက ၎င်းကို ယူရို (၁၅)သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့သည်။ 

စမောလင်း၏ အပြောင်းအရွှေ့မှာ အောက်တိုဘာ (၅)ရက်တွင်မှ ဖြစ်မြောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို လေဆိပ်တွင် ရိုးမားအသင်းပရိသတ်များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

"ပရိသတ်တွေရဲ့ ကြိုဆိုမှုက ကျွန်တော့်အတွက် အလွန်ကောင်းပါတယ်။ လေဆိပ်မှာ လူအုပ်ကြီးက ကျွန်တော့်နာမည်ကို အော်ဟစ်ပြီး ကြိုဆိုနေတာကို တွေ့လိုက်ရတဲ့အချိန်မှာ ကျောရိုးထဲအထိ စိမ့်သွားခဲ့ပါတယ်။ ရိုးမားအသင်းမှာ စကစားကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ကျွန်တော် ခံစားရပါတယ်။ ကစားသမားတွေကို ပရိသတ်တွေ ကြိုဆိုတာ မြင်ဖူးပေမယ့် ကျွန်တော့်အနေနဲ့ ဒီလိုကြိုဆိုခံရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ပရိသတ်တွေအတွက် ကျွန်တော် အစွမ်းကုန်ပေးဆပ်သွားမှာပါ"ဟု စမောလင်းက ပြောကြားခဲ့သည်။ 

စမောလင်းသည် ရိုးမားအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ရိုးမားအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ရရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။ 

စမောလင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက ရိုးမားအသင်းထံသို့ တစ်ရာသီအငှားဖြင့် လာရောက်ကစားခဲ့ရာတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲတွင် (၃)ဂိုး သွင်းယူပေးခဲ့သည်။ 

 

Most Read

Most Recent