လာမည့်ရာသီတွင် ပြည်ပကစားသမားအပြည့် ခေါ်ယူသွားမည်ဖြစ်ပြီး အောင်မြင်မှုများ ပြန်လည်ရရှိရန် လုပ်ဆောင်သွားမည်ဟု ရတနာပုံနည်းပြချုပ်ဆို

လာမည့်ရာသီတွင် ပြည်ပကစားသမားအပြည့် ခေါ်ယူသွားမည်ဖြစ်ပြီး အောင်မြင်မှုများ ပြန်လည်ရရှိရန် လုပ်ဆောင်သွားမည်ဟု ရတနာပုံနည်းပြချုပ်ဆို
Photo: YDNB
Photo: YDNB
Published 6 October 2020

ရတနာပုံအသင်းသည် လာမည့်ရာသီတွင် အပြောင်းအလဲများစွာပြုလုပ်ရန်ရှိပြီး မြန်မာနေရှင် နယ်လိဂ်ကော်မတီက ခွင့်ပြုပေးမည့်အတိုင်း ပြည်ပကစားသမားများ အပြည့်ခေါ်ယူကာ အောင်မြင်မှုများ ပြန်လည်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးက ပြောကြားခဲ့သည်။ 

ထို့ပြင် လာမည့်ရာသီအတွက် ပြည်ပကစား သမားများခေါ်ယူရန် အသင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်ကိုလည်း ရရှိပြီးဖြစ်ကြောင်း သိရသည်။ ရတနာပုံ အသင်းသည် ၂၀၂၀ ဘောလုံးရာသီအပြီးတွင် အ ဆင့် (၅)နေရာဖြင့် ရာသီသိမ်းခဲ့ခြင်းဖြစ်သည်။         

''ကျွန်တော်တို့အသင်းအနေနဲ့ လာမယ့်ရာသီမှာ အပြောင်းအလဲလုပ်ဖို့ရှိပါတယ်။ အသင်းပိုင်ရှင် အနေနဲ့လည်း ပြည်ပကစားသမားခေါ်ယူဖို့အတွက် ခွင့်ပြုထားတာရှိပါတယ်။ ဒါကြောင့် လာမယ့်ရာသီအတွက် အသင်းမှာ ပြည်ပကစားသမားတွေ ေ ခါ် ယူသွားဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ ဒုတိယအကျော့ကတည်းက ပြည်ပကစားသမားတွေ ခေါ်ယူဖို့ ပြင်ဆင် ခဲ့ပေမယ့် COVID-19 ရဲ့အခြေအနေကြောင့် ကျွန်တော်တို့ ခေါ်ယူအသုံးပြုဖို့ အဆင်မပြေခဲ့ပါဘူး။ လာမယ့်ရာသီမှာတော့ ပြည်ပကစားသမားခေါ်ယူ ဖို့ လိဂ်ကော်မတီကသတ်မှတ်ထားတဲ့အတိုင်း အပြည့်ခေါ်ယူနိုင်ဖို့ရယ်၊ အောင်မြင်မှုတွေ ပြန်ရရှိ ဖို့အတွက်ကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်'' ဟု ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုး က Eleven Sports သို့ ပြောကြားခဲ့သည်။

ရတနာပုံအသင်းသည် ယခုရာသီတွင် ရလဒ်တည်ငြိမ်မှုမရှိဘဲ နောက်ဆုံး (၃)နှစ်ဆက်တိုက် ချန်ပီယံဆုအား စိန်ခေါ် နိုင်သည့်အခြေအနေမရှိ တော့ခြင်းအပေါ် ပရိသတ်များက ဝေဖန်လျက်ရှိ သည်။ အမာခံပရိသတ်များအနေဖြင့် အသင်းအပေါ် အားပေးမှု လျော့ကျမသွားသော်လည်း ချန်ပီယံဆု ပြန်လည်စိန်ခေါ် နိုင်စွမ်းရှိသည့် ရတနာပုံအသင်း ကို ပြန်လည်မြင်တွေ့လိုသောဆန္ဒရှိနေပြီး ပြည်ပ ကစားသမား ခေါ်ယူအသုံးပြုရန်အတွက်လည်း တောင်းဆိုမှုများရှိနေသည်။ 

''ဒီရာသီမှာ အသင်းက ရှိသမျှအားနဲ့ ကြိုးစားခဲ့ပါတယ်။ လာမယ့်ရာသီအတွက်လည်း ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။ အဆင့် ရပ်တည်မှုအပြင် တခြားစွမ်းဆောင်ရည်ကောင်း တွေအပေါ်မှာလည်း အသိအမှတ်ပြုသင့်ပါတယ်''ဟု ဦးအောင်ကျော်မိုးက ဆိုခဲ့သည်။ 

ရတနာပုံအသင်းသည် MNL ချန်ပီယံဆုကို ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးရယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် (၄)ကြိမ်ဗိုလ်စွဲကာ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ ရတနာပုံအသင်း သည် ၂၀၁၇ ရာသီတွင် ပြည်ပကစားသမား နောက် ဆုံးခေါ်ယူအသုံးပြုခဲ့ပြီး ၂၀၁၈ ရာသီမှစကာ ပြီးခဲ့ သည့် ၂၀၂၀ ရာသီအထိ ပြည်ပကစားသမား ခေါ်ယူ အသုံးပြုခြင်းမရှိတော့ကြောင်း သိရသည်။ ရတနာ  ပုံအသင်းသည် ၂၀၁၈ ရာသီမှစ၍ အသင်း၏ မူဝါဒ ပိုင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပြည်တွင်းကစား သမားများဖြင့်သာ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

 

Most Read

Most Recent