ကယ်ပါသည် ဗုဒ္ဓဟူးနေ့က ဘန်စလေအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် လိဂ်ဖလားပွဲ၌ လူစာရင်းမှာပင်မပါဝင်ဘဲ ချန်လှပ်ခံရသလို မန့က ဝက်စ်ဘရွန်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲတွင်လည်း ပွဲထွက်ခွင့်မရဘဲ အရန်အဖြစ် သာ ပါဝင်ခဲ့ရသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် ပြင်သစ်ကလပ် ရန်းစ်အသင်းဂိုးသမား မန်ဒီကို ပေါင် ၂၂ သန်းဖြင့် ထပ်မံခေါ်ယူခဲ့သောကြောင့် ကယ်ပါ၏အနာဂတ်မှာ စိုးရိမ်စရာဖြစ်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားသည့် ချယ်လ်ဆီးအသင်းဂိုးသမား ကယ်ပါသည် နှစ်ပွဲဆက်တိုက် ပွဲထွက်စာရင်းမှ ချန်လှပ်ခံရပြီးနောက် အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာပြီး နည်းပြ လမ်းပတ်ကလည်း ၎င်းအား အငှားချထားမည့် သတင်းများကို ငြင်းဆန်ခြင်းမရှိကြောင်း သိရသည်။
စပိန်လက်ရွေးစင်ဂိုးသမား ကယ်ပါ (၂၅ နှစ်) သည် ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းအား အိမ်ကွင်း၌ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်သည့် ပွဲတွင် အမှားကျူးလွန်ခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်တွင် နောက်ခံလူ တိုမိုရီ ပြန်ပေးသည့်ဘောလုံးကို ရှေ့သို့ ကန်တင်စဉ် မာနေက ကြားဖြတ်ရယူ၍ ဒုတိယဂိုးအဖြစ် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် လမ်းပတ်က ကယ်ပါ အနေဖြင့် အမှားကျူးလွန်ခဲ့သည်မှာ သေချာသော်လည်း ယုံကြည်မှုပြန်ရရန်အတွက် အားပေးကူညီရန် လိုအပ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။
သို့သော် ကယ်ပါသည် ဗုဒ္ဓဟူးနေ့က ဘန်စလေအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် လိဂ်ဖလားပွဲ၌ လူစာရင်းမှာပင်မပါဝင်ဘဲ ချန်လှပ်ခံရသလို မန့က ဝက်စ်ဘရွန်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲတွင်လည်း ပွဲထွက်ခွင့်မရဘဲ အရန်အဖြစ် သာ ပါဝင်ခဲ့ရသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် ပြင်သစ်ကလပ် ရန်းစ်အသင်းဂိုးသမား မန်ဒီကို ပေါင် ၂၂ သန်းဖြင့် ထပ်မံခေါ်ယူခဲ့သောကြောင့် ကယ်ပါ၏အနာဂတ်မှာ စိုးရိမ်စရာဖြစ်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
ဝက်စ်ဘရွန်းအသင်းနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကယ်ပါအား အငှားချထားရန် အစီအစဉ် ရှိမရှိ သတင်းထောက်များက မေး မြန်းစဉ် လမ်းပတ်က "ဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး ဘယ်သူ့အတွက်မှ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ ကျွန်တော်ကတော့ ဖြစ်နိုင်ခြေအကြောင်း ဒါမှမဟုတ် အနာဂတ်မှာဖြစ်မယ့်အကြောင်းတွေကို ပြောမှာမဟုတ်ပါဘူး။ ဂိုးသမားတွေအားလုံးနဲ့ ကျွန်တော် စကားပြောသွားမှာပါ။ ကျွန်တော်က ဒီကိစ္စနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းရှိပြီး ရှေ့ဆက်ရမယ့်လမ်းကိုလည်း ကြည့်ထားပြီးပါပြီ။ ဒီရာသီ ပထမနှစ်ပွဲနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဂိုးသမားနေရာမှာ ပြဿနာတွေရှိခဲ့ တယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်" ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ချယ်လ်ဆီးအသင်း နည်းစနစ်ပိုင်းနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေသည့် ဂန္ထဝင်ဂိုးသမား ပီတာချက်က ဂိုးသမားများအား ကူညီသင်ကြားပေးလျက်ရှိကြောင်း လမ်းပတ်က ဆက်လက်ပြောကြားခဲ့သည်။ "ပီတာက ဂိုးသမားတွေနဲ့အတူ လေ့ကျင့်ပေးပြီးတော့ သူ့ရဲ့အတွေ့အကြုံတွေကို ယူလာပေးတာ အရမ်းကောင်းပါတယ်။ သူ့ဆီမှာ အရည်အသွေး ကောင်းတွေ ရှိနေတုန်းပါပဲ။ သူ အနားယူလိုက်တာ တော်တော်ငယ်သေးတယ်လို့တောင် ကျွန်တော်ထင်တယ်။ သူက အခုအထိ လေ့ကျင့်မှုတွေ လုပ်နေသလို ကြံ့ခိုင်မှုလည်း ရှိပါသေးတယ်။ ဒါက သူ့ကို ကျန်းမာစေသလို ဂိုးသမားတွေအတွက်လည်း ကောင်းပါတယ်။ ပီတာက နေ့စဉ်အလုပ်တွေရှိပေမဲ့ ဂိုးသမားတွေနဲ့လည်း အလုပ်တွေ အတူလုပ်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် အချိန်အကြာကြီး ရပ်တည်နိုင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ဘာကြောင့် ဝေမျှခွင့်မပေးနိုင်ရမှာလဲ" ဟု ၎င်းက ဆိုသည်။
ကယ်ပါသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၃ ပွဲကစားရာ Clean Sheet ရှစ်ပွဲသာ ရရှိခဲ့သည်။