မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ၀ါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါး ကုန်စည်ဒိုင်တို့ကို တစ်ပတ်လျှင်သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နံနက် ၆ နာရီခွဲမှ ၁၀ နာရီအထိသာ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက စက်တင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ချက် ၄/၂၀၂၀ ဖြင့် အသိပေး ကြေညာသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်း စားသုံးသူ ပြည်သူများ၏ နေ့စဉ်စားသုံးနေသော စားနပ်ရိက္ခာဆန်များ ဖြန့်ဖြူးပေးရာ အဓိကကျသော နေရာများ ဖြစ်သည့်အပြင် စားနပ်ရိက္ခာအတွက် မရှိမဖြစ် လိုအပ်သော နေရာများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်များကို နေ့စဉ် တနင်္ဂနွေနေ့ တစ်ရက်မှလွဲ၍ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမိန့်အမှတ် (၁၀၇/၂၀၂၀) ဖြင့် ရန်ကုန်မြို့အတွင်း Stay at Home နေထိုင်ရန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) လမ်းမတော်မြို့နယ်နှင့် ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) မရမ်းကုန်းမြို့နယ်တို့ကို တစ်ပတ်လျှင် သုံးရက်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဖွင့်လှစ်ရောင်းချရန်နှင့် ရောင်းချမည့်အချိန်ကို နံနက် ၆ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီအတွင်းသာ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်သဖြင့် အသင်းသူ/အသင်းသားများနှင့် ဝယ်ယူသူ အားလုံးတို့ကို အသိပေး ကြေညာထားသည်။
ဆန်စပါး ကုန်စည်ဒိုင်များ ပိတ်ထားသည့် ရက်များအတွင်း ဒိုင်ပရဝဏ်အနီး လာရောက်ရောင်းဝယ်ခြင်း ခွင့်မပြုကြောင်းလည်း သိရသည်။
အဆိုပါ အရောင်းအဝယ် ပြုလုပ်မည့် နေ့ရက်နှင့် အချိန်ကို ပြန်လည်ပြင်ဆင်ပါက ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။
ဆန်စပါး ကုန်စည်ဒိုင်များအတွင်း လာရောက်သူ အသင်းသူ/အသင်းသားများ၊ ရောင်းသူ/ဝယ်သူများ အနေဖြင့် ဆန်စပါး ကုန်စည်ဒိုင်များ အတွင်းသို့ လာရောက်ကြရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း စက်တင်ဘာ ၂၁ ရက်တွင် COVID-19 နှင့်ပတ်သက်၍ ကြေညာချက် အမှတ် - ၂ ကို ထုတ်ပြန်ထားသည်။
အဆိုပါ ကြေညာချက်မှာ စားသောက်ကုန် ထုတ်သည့်လုပ်ငန်း ဖြစ်သဖြင့် ဆန်စပါး ကြိတ်ခွဲသိုလှောင် ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်တတ် နိုင်သမျှ လူဦးရေ အနည်းဆုံးဖြင့် ကျန်းမာရေးဆိုင်ရာ အသိ/သတိထားပြီး COVID-19 ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်သည်၊ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ၀ါးတန်း ကုန်စည်ဒိုင်များ အနေဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ တို့တွင်သာ နံနက် ၆ နာရီခွဲမှ ၁၀ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်၊ လက်လီဆန်ဆိုင်များ၊ စားသုံးသူပြည်သူများ အနေဖြင့် ဆန်ဝယ်ယူရန် လိုအပ်ချက်များရှိပါက အသင်းချုပ်နှင့် ဆက်သွယ်ဆောင်ရန် Email များဖြစ်သော admin@mrf.com.mm၊ ceo@mrf.com.mm၊ eo@mrf.com.mm နှင့် ဖုန်းနံပါတ်များဖြစ်သော ၀၉-၆၉၄၃၈၆၉၉၄၊ ၀၉-၆၉၄၃၈၆၉၉၅ တို့သို့ ဆက်သွယ်နိုင်ကြောင်း အသိပေး ကြေညာထားသည်။















