စီးရီးအေပွဲစဉ်များတွင် ပရိသတ် (၁၀၀၀) ကြည့်ခွင့်ပြုခဲ့ပြီး အောက်တိုဘာ (၇)ရက်နောက်ပိုင်း၌ ပိုမိုကြည့်ခွင့်ရဖွယ်ရှိ

စီးရီးအေပွဲစဉ်များတွင် ပရိသတ် (၁၀၀၀) ကြည့်ခွင့်ပြုခဲ့ပြီး အောက်တိုဘာ (၇)ရက်နောက်ပိုင်း၌ ပိုမိုကြည့်ခွင့်ရဖွယ်ရှိ
Photo: EPA
Photo: EPA
Published 21 September 2020

စီးရီးအေပွဲစဉ်များတွင် ကွင်းအတွင်း ပရိသတ်ဦးရေ (၁၀၀၀) ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပြီး  လာမည့် အောက်တိုဘာလ (၇)ရက်၌ အီတလီအစိုးရနှင့် ကျန်းမာရေးတာဝန်ရှိသူများ လေ့လာဆန်းစစ်မှုများပြုလုပ်ပြီးပါက ပရိသတ်ဦးရေ ပိုမိုကြည့်ရှုခွင့် ရရှိဖွယ်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဒဏ်ရိုက်ခတ်မှုပြင်းထန်ခဲ့သည့် အီတလီနိုင်ငံရှိဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော လွန်ဘာဒီဒေသအပါအဝင် ဒေသအများစု၌ ကျင်းပမည့် အားကစားပြိုင်ပွဲများအပါအဝင် ဖျော်ဖြေရေးပွဲများ တွင် ပရိသတ်အားပေးခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက ပြီးခဲ့သည့်သောကြာနေ့၌ အားကစားပြိုင်ပွဲများတွင်  ပရိသတ်အားပေးခွင့်ပြုသွားမည်ဟု အတည်ပြုခဲ့ပြီးနောက် စီးရီးအေပွဲစဉ်များတွင် ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ခြင်းဖြစ်သည်။

စပါဒါဖိုရာက  ပရိသတ်များကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့် ရရှိရန်အတွက် ဆေးသိပ္ပံကော်မတီ၏ ခွင့်ပြုချက်နှင့် လေ့လာဆန်းစစ်ချက်များအပေါ် အခြေခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် စပါဒါဖိုရာက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအန္တရာယ် လုံးဝအဆုံးသတ်သွားခြင်းမဟုတ်သဖြင့် အားကစားပြိုင်ပွဲများသို့ လာရောက်အားပေးမည့် ပရိသတ်များအနေဖြင့် မပေါ့ဆရန် အထူးသတိပေးကြောင်း ပြောကြားခဲ့သည်။

စပါဒါဖိုရာက ''တခြားဖျော်ဖြေရေးပွဲတွေနဲ့ အားကစားပြိုင်ပွဲတွေကြား ခြားနားမှုသိပ်မရှိပါဘူး။ ဒီတော့ ရောမမှာ ကျင်းပနေတဲ့ Tennis Masters ဆီမီးဖိုင်နယ်ကစတင်ပြီး ပရိသတ်တွေ အားပေးခွင့်ရမှာပါ။ ပရိသတ်တွေအနေနဲ့  Social Distancing စည်းမျဉ်းတွေ လိုက်နာရပါမယ်။ Mask တွေ တပ်ဆင်ရပါမယ်။ ဒါက ပထမဆုံးခြေလှမ်းပါပဲ။ ကျွန်တော်တို့ အားကစားပြိုင်ပွဲတွေ ပုံမှန်အတိုင်း ကျင်းပနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းပါပဲ'' ဟု ပြောကြားခဲ့သည်။

အီတလီဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်များအရ ပရိသတ်များအနေဖြင့် ကွင်းအတွင်းမဝင်ရောက်မီအချိန်တွင် Mask များကို စနစ်တကျတပ်ဆင်ရမည်ဖြစ်သလို၊ ကွင်းအတွင်းတွင်လည်း (၂ .၂၅)မီတာခြား၍ ထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ရိုက်ခတ်မှုအများဆုံး ဖြစ်ပေါ်ခဲ့သည်မှာ ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပြီး တစ်ရက်လျှင် ကူးစက်သူဦးရေ (၆၀၀၀)ဝန်းကျင်ရှိခဲ့သော်လည်း ယခုစက်တင်ဘာလအတွင်းတွင် ကူးစက်သူဦးရေသည် ပျမ်းမျှ (၁၅၀၀)ကျော်သာရှိတော့ကြောင်း သိရသည်။

Most Read

Most Recent