မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်မှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကျေနပ်အားရဖွယ် မရှိဖြစ်နေကြောင်းနှင့် ကမ္ဘာ့ယှဉ်ပြိုင်မှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၄၀ ရှိသည့်အနက် ၁၃၁ အဆင့်၌ရှိနေဟု MIPP ၌ ဖော်ပြ

မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်မှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကျေနပ်အားရဖွယ် မရှိဖြစ်နေကြောင်းနှင့် ကမ္ဘာ့ယှဉ်ပြိုင်မှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၄၀ ရှိသည့်အနက် ၁၃၁ အဆင့်၌ရှိနေဟု MIPP ၌ ဖော်ပြ
Published 18 October 2018
နီလာ

မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်မှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ယခုတိုင် ကျေနပ်အားရဖွယ် မရှိဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း Myanmar Investment Promotion Plan (MIPP) ၌ ဖော်ပြထားသည်။

အဓိက ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းများအရ ကမ္ဘာ့ယှဉ်ပြိုင်မှု အညွှန်းကိန်း (Global Competitiveness) တွင် နိုင်ငံပေါင်း ၁၄၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် ၁၃၁ အဆင့်တွင်ရှိနေကြောင်း ဖော်ပြထားသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူမှု အခြေအနေ (Ease of Doing Business) တွင် နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ မြောက်နေရာတွင် ရှိနေကြောင်းလည်း သိရသည်။

ကမ္ဘာ့ယှဉ်ပြိုင်မှု အညွှန်းကိန်းအတွက်  အကဲဖြတ်သည့်နယ်ပယ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့အစည်း (ဥပဒေဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာမူဘောင်)၊ အခြေခံအဆောက်အအုံ၊ အဆင့်မြင့်ပညာရေးနှင့် သင်တန်း၊ ကုန်စည်စျေးကွက် ထိရောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ စျေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဆိုင်ရာ အဆင်သင့်ဖြစ်မှု၊ ဆန်းပြားခေတ်မီသည့် စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုတို့အတွက် အထူးအဆင့်နိမ့်ကျရခြင်း ဖြစ်သည်။ ၎င်းပြဿနာရှိနေသည့် နယ်ပယ်များသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၏ ကုန်ကျစရိတ်များကို မြင့်တက်စေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် ချို့တဲ့သည့် အခြေခံ အဆောက်အအုံနှင့် မလုံလောက်သည့် အဆင့်မြင့်ပညာရေးတို့မှာလည်း အတားအဆီးများဖြစ်ကြကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူမှု အခြေအနေ အညွှန်းကိန်း၌ မြန်မာနိုင်ငံ၏ အဆင့် ၁၇၀ ဖြစ်ရခြင်းမှာ ရင်းနှီးမြှုပ်နှံသူများအတွက် အတားအဆီးများနှင့် ကန့်သတ်ချက်များ များစွာကျန်ရှိနေသေးသည်ကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူမှုအတွက် အညွှန်းကိန်းအရ ‘လုပ်ငန်းစတင်ခြင်း’ နှင့် ‘ဆောက်လုပ်ရေးပါမစ်များနှင့် ဆောင်ရွက်မှု’ တို့အတွက် ကျေနပ်ဖွယ် ရမှတ်များရရှိကြောင်း၊ သို့ရာတွင် ‘ချေးငွေရရှိမှု’၊ ‘လူမွဲခံမှုအား ကိုင်တွယ်ဆောင်ရွက်မှု’ နှင့် ‘သဘောတူစာချုပ်များ အသက်ဝင်မှု’ ရမှတ်များတွင်မူ အလွန်နည်းနေကြောင်း ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ‘လုပ်ငန်းများစတင်ခြင်း’ အမျိုးအစားအတွက်သာ သိသိသာသာ တိုးတက်ခဲ့ပြီး ၂၀၁၆ တွင် အဆင့် ၁၆၀ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် အဆင့် ၁၄၆ တွင်ရှိခဲ့ပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက်ပင် သာလွန်ခဲ့ကြောင်း သိရသည်။

အချို့သောအဆင့်များတွင် မြန်မာနိုင်ငံက တိုးတက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန် အတားအဆီးများနှင့် အနှောင့်အယှက်များ ကျန်ရှိနေဆဲ ဖြစ်ကြောင်း၊ မှီခိုအားထားမှုမပြုနိုင်သည့် လျှပ်စစ်ဖြန့်ဖြူးရေးနှင့် မဖွံ့ဖြိုးသေးသည့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတို့မှာ လုပ်ငန်းလည်ပတ်မှု၏ ကုန်ထုတ်စွမ်းအားအပေါ် စိုးရိမ်ရသည့် အကန့်အသတ်များ ဖြစ်ကြကြောင်း သိရသည်။

ထို့ပြင် အလားအလာရှိသည့် စီးပွားရေး လုပ်ငန်းရှင်များအကြား မြန်မာနိုင်ငံတွင် လက်ရှိအခွင့်အလမ်းများ၏ အကျိုးကျေးဇူးကိုခံစားရန် ၎င်းတို့အား ခွင့်ပြုပေးရန် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ပိုမိုတိုးတက်ကောင်းမွန်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ထပ်တိုးဖြေလျှော့ပေးရေးအတွက် ခိုင်မာသည့် တောင်းဆိုချက်များ ရှိနေကြောင်းလည်း ဖော်ပြထားသည်။      

Most Read

Most Recent