စပိန်မြေမှ မက်ဆီ ထွက်ခွာသွားမည့်အရေးအတွက် အလွန်အမင်းမစိုးရိမ်ခဲ့ဟု တီဘက်စ် ဆို

စပိန်မြေမှ မက်ဆီ ထွက်ခွာသွားမည့်အရေးအတွက် အလွန်အမင်းမစိုးရိမ်ခဲ့ဟု တီဘက်စ် ဆို
Photos : FC Barcelona
Photos : FC Barcelona
Published 8 September 2020

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က စပိန်မြေမှ မက်ဆီ ထွက်ခွာသွားမည်ကို အလွန်စိုးရိမ်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

မက်ဆီ ထွက်ခွာသွားပါက လာလီဂါ၏ပုံရိပ်အားထိခိုက်မည်ကို တီဘက်စ်က စိုးရိမ်တကြီးရှိခဲ့ကြောင်း သုံးသပ်မှုများရှိခဲ့သောကြောင့် ၎င်းက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

တီဘက်စ်က '' စိုးရိမ်မိခဲ့ပေမယ့် အလွန်စိုးရိမ်တာတော့ မဟုတ်ပါဘူး။ သူ့လို အကောင်းဆုံးကစားသမားတစ်ယောက်ကို လာလီဂါမှာ အမြဲရှိစေချင်တယ်လို့ ကျွန်တော် အကြိမ်ကြိမ်ပြောဖူးပါတယ်။ ဒါပေမဲ့ လာလီဂါရဲ့ပုံရိပ်က ကစားသမားတစ် ယောက်၊ နှစ်ယောက်အပေါ် မမှီခိုပါဘူး''ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် တနင်္လာနေ့က အသင်း၏ လေ့ကျင့်ရေးကွင်းသို့ ပထမဆုံးရောက်ရှိသူဖြစ်ခဲ့ကြောင်း သိရသည်။

မက်ဆီသည် ယခုနွေရာသီတွင် ဘာစီနာအသင်းမှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုခဲ့ပြီးမှ အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရာသီသစ်မစမီ အသင်းနှင့် ပထမဆုံးအကြိမ် ပြန်လည်ပူးပေါင်းခြင်းလည်းဖြစ်သည်။

မက်ဆီသည် အသင်းနှင့် ပြန်လည်ပူးပေါင်းသည့်နေ့၌ လေ့ကျင့်ကွင်းသို့ အစောဆုံးရောက်ရှိသူဖြစ်ခဲ့သလို၊ နည်းပြသစ် ရော်နယ်လ်ကိုးမန်းနှင့် တွေ့ဆုံပြီးနောက် သီးသန့်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် စနေနေ့တွင် ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။

Most Read

Most Recent