၂၀၂၀-၂၁ ရာသီကို လုံးဝရပ်နားမည်မဟုတ်ဟု ပရီးမီးယားလိဂ်ကလပ်များ သတိပေးခံထားရပြီး ကစားသမားမပြည့်လျှင် လူငယ်အသင်းမှ ခေါ်သုံးရမည်

၂၀၂၀-၂၁ ရာသီကို လုံးဝရပ်နားမည်မဟုတ်ဟု ပရီးမီးယားလိဂ်ကလပ်များ သတိပေးခံထားရပြီး ကစားသမားမပြည့်လျှင် လူငယ်အသင်းမှ ခေါ်သုံးရမည်
Photo: EPL
Photo: EPL
Published 8 September 2020

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၀-၂၁ ရာသီကို မည်သည့်နည်းနှင့်မျှ ရပ်ဆိုင်းမည်မဟုတ်ဟု ပရီးမီးယားလိဂ်ကလပ်အသင်းများကို သတိပေးထားပြီး ဗိုင်းရပ်စ်ပြဿနာကြောင့် ကစားသမားအင်အားမလုံလောက်လျှင်ပင် လူငယ်အသင်းမှ ကစားသမားများဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဟု ဆိုခဲ့သည်။

ယူရိုပြိုင်ပွဲရှိနေသည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို သတ်မှတ်အချိန်အတိုင်း အဆုံးသတ်နိုင်ရန် ဆုံးဖြတ်ထားပြီး ကစားသမားများ ဗိုင်းရပ်စ်ပြဿနာ ကြုံတွေ့သဖြင့် (၁၄) ဦးသာရှိချိန်အထိ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး (၁၄)ဦးထက် လျော့နည်းနေလျှင်မူ လူငယ်အသင်းကစားသမားများကို အသင်းကြီးအတွက် ကစားခွင့်ပြုသွားမည်ဟုလည်း သိရှိရသည်။

သို့ရာတွင် အသင်းကြီးအတွက်ခေါ်ယူမည့် လူငယ်အသင်းက ကစားသမားသည် အသင်းကြီးအတွက် ပရီးမီးယားလိဂ်တွင်ဖြစ်စေ၊ FA ဖလား၊ လိဂ်ဖလားနှင့် ပြည်ပပြိုင်ပွဲတစ်ခုခုတွင်ဖြစ်စေ အနည်းဆုံး (၁)မိနစ်ကစားထားရမည်ဖြစ်ပြီး မကစားထားသည့် ကစားသမားများကိုမူ အသုံးပြုခွင့်ရမည်မဟုတ်ချေ။

ယင်းအတွက်ကြောင့် ကလပ်အသင်းများအနေဖြင့် လူငယ်ကစားသမားအချို့ကို ပရီးမီးယားလိဂ်မဟုတ်သည့် ပြည်တွင်းပွဲစဉ်အချို့တွင် ပွဲထုတ်ထားရဖွယ်ရှိနေသည်။

ပရီးမီယားလိဂ်သည် ကစားသမားဦးရေ မလုံလောက်သဖြင့် ပွဲကိုရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုမှန်သမျှကို ငြင်းဆန်သွားမည်ဖြစ်ပြီး ယင်းကလပ်အသင်းသည် ပွဲကစားရန် ငြင်းဆန်ပါကလည်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့စည်းကာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent