မာရက်ဇ်၏ဇနီးဖြစ်သူနှင့် Night Out ထွက်ခဲ့သည်ဆိုသည့်သတင်းများကို ဂျိုရှူအာဘက်မှ ငြင်းဆန်

မာရက်ဇ်၏ဇနီးဖြစ်သူနှင့် Night Out ထွက်ခဲ့သည်ဆိုသည့်သတင်းများကို ဂျိုရှူအာဘက်မှ ငြင်းဆန်
Published 7 September 2020

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းမှ အယ်လ်ဂျီးရီးယားလက်ရွေးစင်ဘောလုံးသမား မာရက်ဇ်၏ဇနီးဖြစ်သူ ရီတာ နှင့် Night Out ထွက်ခဲ့သည်ဟူသော သတင်းများကို အန်သိုနီဂျိုရှူအာဘက်မှ ငြင်း ဆန်ခဲ့ကြောင်း သိရသည်။ 

WBA(Super)၊ IBF၊ WBOနှင့် IBO ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဂျိုရှူအာသည် ရီတာနှင့် မိတ်ဆွေတစ်ဦး၏ဇိမ်ခံအခန်းတွင် အချိန်ဖြုန်းခဲ့သည်ဟု The Sun က ဖော်ထုတ်ရေးသားခဲ့သည်။

ရီတာသည် မာရက်ဇ်နှင့် ကလေးနှစ်ယောက်ရခဲ့ပြီး လက်ရှိတွင် လင်မယားသီးခြားနေထိုင်နေကြောင်း သိရသည်။ 

''အန်သိုနီဟာ မစ္စစ်မာရက်ဇ်နဲ့ ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခြင်းမရှိပါဘူး။ အခုချိန်မှာ ဆန္ဒမရှိသလို၊ အနာဂတ်မှာလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ရီတာနဲ့ သူ့ ပတ်ဝန်းကျင်ကလူတွေဟာ အန်သိုနီရဲ့အမည်ကို အသုံးချနေတာကိုလည်း သူ စိတ်ပျက်နေပါတယ်''ဟု အန်သိုနီဂျိုရှူအာ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Sun သို့ ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဂျိုရှူအာသည် ၂၀၁၆ ခုနှစ် က အကမယ် နီကိုးလ်အော့စ်ဘွန်းနှင့် လမ်းခွဲပြီးကတည်းက တစ်ဦးတည်းဖြစ်နေပြီး အော့စ်ဘွန်းနှင့် သားတစ်ဦး ရရှိခဲ့သည်။

ဂျိုရှူအာသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လန်ဒန်မြို့ရှိ Night Club တွင် ရီတာ နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ 

ရီတာအနေဖြင့် မာရက်ဇ်နှင့် (၅)လကြာ ချစ်ကြိုက်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လက လက်ထပ်ခဲ့ပြီး (၄)နှစ်အကြာတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ 

ဂျိုရှူအာမှာ ရီတာနှင့်သတင်းထွက်သည့် ဒုတိယမြောက်လက်ဝှေ့သမားဖြစ်ပြီး ယခုနှစ်အစောပိုင်းက မန်ချက်စတာမြို့ရှိ Night Club တွင် ဒီယွန်တေးဝိုင်လ်ဒါနှင့် ပရောပရည်လုပ်နေသည်ဟု သတင်းထွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent