ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိရသူများမှာ အထည်ချုပ်လုပ်သားများ၊ အလှပြင်ဆိုင် ဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများဖြစ်

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိရသူများမှာ အထည်ချုပ်လုပ်သားများ၊ အလှပြင်ဆိုင် ဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများဖြစ်
 တောင်ဥက္ကလာပမြို့နယ်ရှိ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးနေထိုင်သည့်လမ်းကို Lockdown ချထားစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
တောင်ဥက္ကလာပမြို့နယ်ရှိ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးနေထိုင်သည့်လမ်းကို Lockdown ချထားစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
Published 5 September 2020
ကြည်နိုင်၊ မျိုးထက်ပိုင်၊ သိင်္ဂီဝင်းထွန်း

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိရသူများမှာ အထည်ချုပ်လုပ်သားများ၊ အလှပြင်ဆိုင်ဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

စက်တင်ဘာ ၅ ရက်နံနက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပိုးတွေ့ လူနာထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းမှ ၄၅ ဦးပါဝင်ပြီး ယင်းတို့အနက် တောင်ဥက္ကလာပမြို့နယ်မှ ပိုးတွေ့လူနာ ၁၂ ဦးဖြင့် အများ ဆုံးပါဝင်လာခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်ရှိ အလှပြင်ဆိုင်တစ်ဆိုင်ရှိ ဝန်ထမ်းကိုးဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က စက် တင်ဘာ ၅ ရက်တွင် ပြောကြားသည်။

အဆိုပါ ပိုးတွေ့သူရှစ်ဦးမှာ လူနာအမှတ် ၈၂၃ နှင့် ထိတွေ့ခဲ့သူများဖြစ်ပြီး လူနာ အမှတ် ၈၂၃ မှာလည်း ယင်းအလှပြင်ဆိုင်မှ ဝန်ထမ်းပင်ဖြစ်ကြောင်း သိရသည်။

အဆိုပါအလှပြင်ဆိုင်မှာ တောင်ဥက္ကလာပ မြို့နယ် (၈) ရပ်ကွက်၊ ရတနာလမ်း ပေါ်တွင်ရှိပြီး လူနာအမှတ် ၈၂၃ နှင့် ဆက် စပ်မှုရှိသဖြင့် ဝန်ထမ်းများကို Lockdown ပြုလုပ်ထားပြီး နေထိုင်သူများကို အဆိုပါအ ဆောက်အအုံအတွင်းပင် အသွားအလာကန့် သတ်ထားရှိခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က “ပထမကိုးယောက်က ဟိုးတလောကတွေ့တဲ့ အလှပြင်ဆိုင်ကပါ။ နောက်နှစ်ယောက်က တော့ (၈) ရပ်ကွက်ထဲမှာ ဖွင့်ထားတဲ့ စား သောက်ဆိုင်ရဲ့ဝန်ထမ်းတွေလို့သိရတယ်။ သူတို့ကလူနာ 1133 နဲ့ဆက်စပ်တယ်။ တစ် နေ့ကတည်းကနေမကောင်းလို့ဆေးရုံပို့ထား တာ။ နောက်တစ်ယောက်က (၁၄) ရပ်ကွက် စီမံကိန်း(၁)က။ အဲဒီတစ်ယောက်ကတော့ Unknown Case ။ ဘယ်လိုဆက်စပ်မှန်းမသိ သေးဘူး။လင်မယားနှစ်ယောက်ထဲနေတာ။ အဲဒီနေရာတွေကို အသွားအလာကန့်သတ် ထားပါတယ် ” ဟု ပြောကြားသည်။

အဆိုပါလူနာကိုးဦးမှာ လူနာအမှတ် ၁၂၀၀ မှ လူနာအမှတ် ၁၂၀၈ အထိဖြစ် ကြောင်း သိရသည်။

အသစ်ထပ်မံတွေ့ရှိခဲ့သည့် လူနာကိုး ဦးကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီခန့် တွင် COVID-19 ကုသရေးဌာန (ဖောင် ကြီး)သို့ ပို့ဆောင်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယင်းအပြင် တောင်ဥက္ကလာပမြို့နယ် တွင် COVID-19ရောဂါပိုးကူးစက်ခံရသူများအနက် နှစ်ဦးမှာ စားသောက်ဆိုင်ဝန် ထမ်းများဖြစ်ကြောင်း တောင်ဥက္ကလာပမြို့ နယ် (၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက် တင်ထွန်းက ပြောကြားသည်။

၎င်းတို့နှစ်ဦးမှာCOVID-19 အတည်ပြုလူနာ Case-1183 နှင့် Case-1184 တို့ ဖြစ်ပြီး ၎င်းတို့နေထိုင်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက်ရှိ နေအိမ်နှင့်လမ်း အား စက်တင်ဘာ ၅ ရက်မှ စတင်ကာ Lockdown ပြုလုပ်ထားပြီး စားသောက်ဆိုင် မှာ ယခင်ကတည်းက Lockdown ပြုလုပ်ထားကြောင်း သိရသည်။

အတည်ပြုလူနာ Case-1183 နှင့် Case-1184 တို့မှာ ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၉ နှစ်အရွယ် အမျိုးသမီးတစ် ဦးဖြစ်ပြီး စက်တင်ဘာ ၃ ရက်တွင် ဖျားနာလာသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ သွား ရောက်ပြသရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် (၁၁) ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးသက်တင်ထွန်းက ပြောကြား သည်။

တောင်ဥက္ကလာပမြို့နယ် (၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်တင်ထွန်းက  “ဒီလူနာက ၃ရက်နေ့ ည ၁၁ ခွဲက ကျွန်တော်ကိုယ် တိုင် စံပြဆေးရုံကို သူတို့နှစ်ယောက်ကို ပို့ ထားတာ။အိမ်ကတော့ နှစ်အိမ်ပါ။ အဲဒါ ကြောင့် သူတို့နေတဲ့လမ်းကို Lockdown ချထားတာပါ။ လူနာအမှတ် 1133 နဲ့ထိတွေ့ခဲ့ သူ တွေပါ။ လူနာအမှတ် Case-1133 က စားသောက်ဆိုင်တစ်ခုရဲ့ပိုင်ရှင်ပါ။ တစ် ယောက်က အဲဒီမှာ အလုပ်လုပ်ခဲ့တာပါ။ ၃ ရက်နေ့ညက ဖျားနာတယ်ဆိုပြီး သတင်းပို့ လို့ ဆေးရုံကိုပို့ခဲ့တာပါ။ အတူနေမိသားစု တစ်ယောက်က ငါးယောက်ရှိတယ်။ တစ် ယောက်ကတော့ အဆောင်နေတာ။သူတို့ လည်း သံသယငါးယောက်ပဲ။ တောင်ဥက္က လာ ၈ ရပ်ကွက်က စားသောက်ဆိုင်တစ်ဆိုင် မှာ အလုပ်လုပ်ကြတာ။အဲဒီဆိုင်ကလည်း ပိတ်ထားတာကြာပြီ” ဟု ပြောကြားသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးနေထိုင်ခဲ့သည့် နေအိမ်များနှင့်လမ်းကို ပိုးသတ်ဆေးဖြန်း ခြင်းများ လုပ်ဆောင်နေပြီး မိသားစုဝင်များ ကို Lockdown ထားရှိရန် ကျန်းမာရေးဝန် ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဒဂုံဆိပ်ကမ်းအထည်ချုပ် စက်ရုံတွင် COVID-19 အတည်ပြုလူနာ Case-1115 တွေ့ရှိခဲ့သည့်အတွက် ၎င်းနှင့်နီးစပ်သူ ဒဂုံဆိပ်ကမ်းအထည်ချုပ်မှ အ လုပ်သမားရှစ်ဦးကို Lockdown ဝင်ရန် စီစဉ်လျက်ရှိကြောင်း ဒဂုံဆိပ်ကမ်းစက်မှုဇုန် မှအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောကြား သည်။

အလှပြင်ဆိုင်ဝန်ထမ်းများနေထိုင်သည့် အလှပြင်ဆိုင်ကို Lockdown ချထားစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ ဒဂုံဆိပ်ကမ်းအ ထည်ချုပ်စက်ရုံမှ အလုပ်သမမှာ Case-1115 ဖြစ်ကြောင်း သိရသည်။

အဆိုပါ Case-1115 သည် ခရီးသွား ရာဇဝင်မရှိ ထိတွေ့ဆက်စပ်မှုမရှိသူဖြစ်ပြီး အနံ့အရသာ မရတော့သဖြင့် တောင်ဒဂုံ Fever Clinic သို့သွားရောက်ပြသရာမှ သင်္ဃန်းကျွန်း စံပြဆေးရုံကို လွှဲပြောင်းပေး အပ်ခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် Quarantine ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သူက အနံ့အရသာ မရတော့လို့ဆိုပြီး တောင်ဒဂုံမှာ ဆေးခန်းသွားပြရာကနေ တောင်ဒဂုံကနေ စံပြဆေးရုံကိုလွှဲပြောင်းပေး လိုက်တယ်။ ပြီးတော့ သူက၂ ရက်နေ့မှာ  Lockdown ဝင်ခဲ့ရာကနေ စက်တင်ဘာ ၄ ရက် မနက်ပိုင်း ကျန်းမာရေးကထုတ်ပြန်တဲ့ လူနာစာရင်းထဲမှာပါလာပါတယ်။ သူနဲ့အနီး ကပ်ထိတွေ ့ခဲ့တဲ့ အလုပ်သမား ရှစ်ဦးကို တော့ Lockdown ဝင်ဖို့စီစဉ်နေပါတယ်” ဟု ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။

အဆိုပါစက်ရုံတွင် အလုပ်သမား ၆၀၀ ခန့်ရှိပြီး လက်ရှိတွင် စက်ရုံမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒသကြီးတွင် စက်ရုံများ၊ အထည်ချုပ်လုပ်ငန်းများမှ ဝန်ထမ်းတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုမှာ EMC အိတ်စက်ရုံ၏ Case-1013 မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး Case-1075 Dragon State အထည်ချုပ်မှာ ဒုတိယအကြိမ်ဖြစ်ကာ ယခု ဒဂုံဆိပ်ကမ်းအထည်ချုပ် Case-1115 မှာ တတိယအကြိမ်မြောက် ရောဂါပိုးတွေ့ရှိ သည့်စက်ရုံဟု ဆိုရမည်ဖြစ်သည်။

မြို့နယ်တစ်ခုတွင် COVID-19 ရော ဂါပိုးရှိသူ သုံးဦးအထက်ရှိပါက ယင်းမြို့နယ် အား Stay At Home အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၂ ရက်ကပြု လုပ်သည့် COVID-19 ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာ ဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင် အုပ် ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်တို့နှင့် ဆွေးနွေးခြင်းအစီအစဉ် တွင် ပြောကြားထားသည်။

Stay At Home  အစီအစဉ်တွင် အကျုံး ဝင်သော ပြည်သူများအနေဖြင့်လိုက်နာရန် စည်းကမ်း ချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါစည်းကမ်းချက်များမှာ ပြည်သူ များအနေဖြင့် Stay At Home ကာလ အတွင်း (က) မိမိနေအိမ်၌သာ နေထိုင်ရန် (အစိုးရ ဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ (ခ) မဖြစ်မနေ စျေး ဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ (ဂ) ဆေးရုံ၊ ဆေးခန်းသွား ရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ (ဃ) နေအိမ်မှ ပြင်ပသို့ သွား လာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ရန်၊ (င) တာဝန်ထမ်းဆောင်ရန် သွား ရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွား လာခွင့်ပြုရန်၊ (စ) ရပ်ကွက်အတွင်းစျေးဝယ် ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ် တွင် တစ်ဦး၊ ဆေးရုံ၊ ဆေးခန်းသွားရောက် ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ် တွင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းကမ်းချက်များကို လိုက်နာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

 

 

 

 

Most Read

Most Recent