တပ်မတော်အနေဖြင့် လက်ရှိအချိန်၌ ရခိုင်ပြည်နယ်တွင် သီးခြားစစ်ဆင်ရေး ဆောင်ရွက်ခြင်းမျိုးမရှိဘဲ AA အနေဖြင့်လည်း အကြမ်းဖက်လုပ်ငန်းများ ရှောင်ရှားရန်လိုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA အနေဖြင့် အကြမ်းဖက်လုပ်ငန်းများ ရှောင်ရှားရန် လိုအပ်ပြီး ထိုသို့မဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို ထိခိုက်လာမည်ဆိုပါက တပ်မတော်က လုံခြုံရေးအရ ဆောင်ရွက်ရမည့်အပိုင်းများကို ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ တပ်မတော်အနေနဲ့ အဲဒီအထဲမှာ သီးခြားစစ်ဆင်ရေး လုပ်နေတာမျိုးမရှိဘူး။ ပြောရမယ်ဆို သူတို့ စွပ်စွဲနေသလို တိုက်ပွဲတွေ ဖန်တီးနေတယ်တို့၊ ထိုးစစ်ဆင်နွှဲနေတယ်တို့ ဒါမျိုးတွေ မရှိပါဘူး။ ကျွန်တော်တို့ လုံခြုံရေးနဲ့ ကာကွယ်ရေးအလုပ်ပဲ ဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိအချိန်၌ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်နေပြီး တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ရာ သြဂုတ် ၂၇ ရက်တွင် တတိယအကြိမ် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆေးရုံတင်ကုသမှုပေးနိုင်ရေးအတွက် စစ်တွေရှိ အမှတ် (၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် ခုတင် ၄၀ ပြင်ဆင်ထားသကဲ့သို့ နယ်မြေခံဆေးရုံဖြစ်သော အမှတ် (၁၇) တပ်မတော်ဆေးရုံခုတင် ၁၀၀ တွင်လည်း ခုတင် ၈၀ ပြင်ဆင်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူ၊ ဆရာဝန်နှင့် သူနာပြုများပါဝင်သော တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အင်အား ၇၀ ကျော်ကို ထုတ်နုတ်ပို့ဆောင်ထားပြီး ထပ်မံ၍ အင်အားဖြည့်တင်းထားမှုများရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ လူသားချင်းစာနာထောက်ထားမှုတင် မဟုတ်ဘူး။ ကျွန်တော်တို့သည် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး တပ်မတော်သည် အမြဲတမ်းအလေးထားပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ COVID-19 နဲ့ပတ်သက်တဲ့ ကာကွယ်ထိန်းချုပ်ပစ္စည်းတွေကို ကျွန်တော်တို့ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်။ ဒီမတိုင်ခင် တစ်လကလည်း မေလကနေ ဇွန်လတွင်း တပ်မတော်ပါရဂူတွေ၊ ဆေးကုသမှုအဖွဲ့တွေ စေလွှတ်ပြီးတော့ COVID-19 နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပေါ့နော်။ တစ်လလောက် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ ရှိတယ်။ ရန်ကုန်ကနေ လွှတ်ပြီးတော့ ဆောင်ရွက်ပေးခဲ့တာမျိုး ရှိပါတယ်။ ပါရဂူတွေပါ အပါအဝင်ပေါ့နော် တစ်လလောက် ဆောင်ရွက်ခဲ့တာရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်ရာတွင် အထောက်ကူဖြစ်စေရန်အတွက် တပ်မတော်မှ လှူဒါန်းသည့် Surgical Masks အခု ၆၅၀၀၀၀ နှင့် Examination Glove အခု ၁၀၀၀၀၀ တို့ကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှတစ်ဆင့် စစ်တွေမြို့သို့ တတိယအကြိမ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအန္တရာယ် မဖြစ်ပေါ်စေရေး တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းနှင့် နိုင်ငံအဝန်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော်က သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂၆ ရက်တွင် တပ်မတော်က စစ်တွေသို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အထောက်ပြုပစ္စည်းများအား ဒုတိယအကြိမ် ပို့ဆောင်ပေးခဲ့ပြီး ထိုသို့ပို့ဆောင်ရာတွင် Oxygen Plant တစ်လုံး၊ ICU Ventilator (SV-၃၀၀) တစ်လုံး၊ ICU Bed နှစ်လုံး၊ Suction Machine သုံးလုံး၊ Pluse Oxymeter သုံးလုံး၊ Patient Monitor သုံးလုံး၊ Infusion Pump သုံးလုံး၊ Syringe Pump သုံးလုံး၊ Video Laryngoscope တစ်လုံး၊ Mini-Centrifuge တစ်လုံး၊ Oxygen Cylinger (40L) အလုံး ၂၀၊ Oxygen Concentrator (5L) တစ်လုံး၊ BP Cuff သုံးလုံး၊ UV Lump ငါးချောင်း၊ ဆေးနှင့် ဆေးပစ္စည်း ၁၃၄ မျိုးအပြင် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်ခဲ့သည်။
Oxygen Plant စက်တစ်လုံးသည် ရခိုင်ပြည်နယ်အတွင်း Oxygen လိုအပ်ချက်ကို အထောက်အကူဖြစ်စေရန် တစ်ရက်လျှင် Oxygen Cylinder ခြောက်လုံး ထုတ်လုပ်ပေးနိုင်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။