အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့အကြား စီးပွားရေးကိုဗဟိုပြု၍ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဘင်းမ်စတက်ပဋိညာဉ်စာတမ်း၌ မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးရေး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
သြဂုတ် ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဘင်းမ်စတက် ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ဒီပဋိညာဉ်စာတမ်းဟာဆိုရင် ပြီးခဲ့တဲ့ လေးကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကနေပြီးတော့မှ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တာပဲဖြစ်ပါတယ်။ ဒီပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးရခြင်းကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကနေ အကျိုးကျေးဇူးရရှိမှာဖြစ်ပါတယ်။ ဒီစာတမ်းမှာ အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှုရရှိမှသာ ချမှတ်နိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းရေးကိစ္စတွေအပေါ်မှာ ဝင်ရောက်စွတ်ဖက်ခြင်း တားမြစ်ခြင်းစတဲ့ အရေးကြီးတဲ့မူတွေ တားမြစ်ထားတဲ့အတွက်ကြောင့် မြန်မာနိုင်ငံက ရပ်တည်တဲ့ နိုင်ငံခြားမူတွေနဲ့လည်း ကိုက်ညီအတွက် ထောက်ခံပါတယ်” ဟု ပဲခူးတိုင်း ဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြောကြားသည်။
ထို့ပြင် လက်ရှိ COVID-19 ကာလအတွင်း ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများကြား စဉ်ဆက်မပြတ် စိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး၊ အသေးစား၊ အလတ်စားလုပ် ငန်းများမြှင့်တင်ရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဆေးဝါးဆိုင်ရာကုသရေးနှင့် သုတေသနဖွံ့ ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၊ လူမှုအသိုက်အဝန်းပူးပေါင်း ဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ငန်းလုပ်ဆောင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတများ ပိုမိုချိတ်ဆက်ဖလှယ်သင့်ကြောင်း ဒေါ်ရွှေရွှေစိန်လတ်က ပြောကြားသည်။
ထို့ပြင် အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲလွင်က “ယခုအချိန်အထိ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ၁၄ ခုသတ်မှတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေမှာဆိုလို့ရှိရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲခြင်းစတဲ့ ကဏ္ဍတွေကို ထည့်သွင်းဆောင်ရွက်နေပြီးဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီက ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်နေရတာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍနဲ့ စွမ်းအင်ကဏ္ဍနှစ်ခုကို ဦးစီးဆောင်ရွက်နေရတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့သို့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင် ရွက်နေသည့် အဖွဲ့အစည်းအနေဖြင့် လုပ်ထုံးလုပ်နည်းများကို တိတိကျကျ သတ်မှတ်ရေးဆွဲထားသည့် ပဋိညာဉ်စာတမ်းရှိရန် လိုအပ်ကြောင်း၊ ထို့မှသာ အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များ၊ အဖွဲ့ဝင်များလိုက်နာရမည့် ကျင့်ဝတ်များစသည့်တို့ကို တိတိကျကျ သတ်မှတ်ပြဌာန်းမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်က ပြောကြားသည်။
ယင်းသို့ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ဆွေးနွေးအကြံပြုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းခဲ့သည်။
“လက်ရှိအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့အကြား စီးပွားရေးကို ဗဟိုပြုပြီးတော့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတော်အကျိုးစီးပွားအတွက်ရော၊ အဖွဲ့ဝင်နိုင်ငံတွေအတွက် အလားအလာအလွန်ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ထို့ပြင် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုး အတည်ပြုခြင်းအားဖြင့် ဘင်းမ်စတက်၏ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဖွဲ့စည်းမှုပုံစံများ၊ အဖွဲ့ဝင်နိုင်ငံများ လိုက်ရမည့် တာဝန်ဝတ္ထရားများနှင့် ကျင့်ဝတ်များကို စည်းကမ်းဥပဒေနှင့်အညီ ပိုမိုစနစ်တကျ ခိုင်ခိုင်မာမာ ကျင့်သုံးသွားမည်ဖြစ်သဖြင့် ဘင်းမ်စတက်၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ပိုမိုပြီး အကျိုးရှိစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။