အိုဇေးလ်ကို လျော်ကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် အာဆင်နယ် စီစဉ်နေ

အိုဇေးလ်ကို လျော်ကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် အာဆင်နယ် စီစဉ်နေ
Published 10 August 2020

အာဆင်နယ်အသင်းသည် လစာအများဆုံးပေးထားရပြီး နည်းပြ အာတီတာ အသုံးပြုခြင်းမရှိသည့် ကွင်းလယ်ကစားသမား အိုဇေးလ်ကို လျော်ကြေးပေး၍ စာချုပ်ဖျက်သိမ်းရန်စီစဉ်နေကြောင်း သိရသည်။

အိုဇေးလ်သည် ၂၀၁၃ ခုနှစ်က ရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သော စာချုပ်သစ်အရ အာဆင်နယ်အသင်းတွင် တစ်ပတ်ပေါင်(၃၅၀၀၀၀)ရရှိနေသူဖြစ်သည်။

သို့သော် နောက်ပိုင်းနှစ်များတွင် အိုဇေးလ်၏ စွမ်းဆောင်ရည်မှာ ကျဆင်းလာခဲ့ပြီး ၂၀၁၉-၂၀ ရာသီ၌ ပြိုင်ပွဲစုံ (၂၃)ပွဲသာ ကစားခွင့်ရခဲ့သည်။

ထို့ပြင် ကပ်ဘေးကာလ ဘောလုံးပွဲများ ပြန်လည်စတင်ချိန်တွင် တစ်ပွဲမျှ ကစားရခြင်းမရှိသော်လည်း ၎င်း၏အေးဂျင့်ဖြစ်သူက အသင်းပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသည့် အိုဇေးလ်ကို လျော်ကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အိုဇေးလ် ကို စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်ထားမည်ဆိုပါက ပေါင်(၁၈)သန်းဝန်းကျင် ကုန်ကျမည်ဖြစ်သောကြောင့် လျော်ကြေးပေးပြီး စာချုပ်ဖျက်သိမ်းရန် စီစဉ်နေခြင်းဖြစ်သလို၊ ယခုနှစ်အတွင်း အသင်းသစ် ရှာဖွေပြီး ပြောင်းရွှေ့ခဲ့ပါက လစာတစ်စိတ်တစ်ဒေသကို စိုက်ထုတ်ကျခံပေးသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

အာဆင်နယ်အသင်းသည် အဆိုပါအစီအစဉ်နှစ်မျိုးဖြင့် အိုဇေးလ်ကို ကမ်းလှမ်းမှုပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အိုဇေးလ်၏ အေးဂျင့်သည် မူလက အလွတ်ထွက်ခွာခွင့်ရချိန်အထိ အသင်းတွင် ဆက်နေရန် ဆန္ဒရှိခဲ့သော်လည်း ယခုအစီအစဉ်များကိုမူ လက်ခံစဉ်းစားဖွယ်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent