လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ပြည်တွင်း CMP လုပ်ငန်းများက ပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော် တင်သွင်းမှုလျော့ကျ

လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ပြည်တွင်း CMP လုပ်ငန်းများက ပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော် တင်သွင်းမှုလျော့ကျ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 7 August 2020

လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ပြည်တွင်း လက်ခစား CMP လုပ်ငန်းများက ပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော် တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း ၁၃၀ ကျော် တင်သွင်းမှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၁၀ လတွင် ပြည်ပမှ CMP ကုန်ကြမ်း ဒေါ် လာ ၁ ဒသမ ၈၄၁ ဘီလျံ တင်သွင်းထားသည်။  ယခင်နှစ်ကာလတူတွင်မူ CMP ကုန် ကြမ်းတင်သွင်းမှုသည် ဒေါ်လာ ၁ ဒသမ ၉၇၈ ဘီလျံအထိ တင်သွင်းထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် CMP ကုန်ကြမ်းတင်သွင်းမှုသည် ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၁၃၆ ဒသမ ၄၅၆ သန်း လျော့ကျခဲ့ကြောင်း သိရသည်။ CMP လုပ်ငန်းဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့သည့် လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိကအနေဖြင့် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း စသည်တို့အပြင် အခြားသောလုပ်ငန်းများကိုလည်း CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၀ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ၁၀ လ ခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှု ဒေါ်လာ ၃ ဒသမ ၆၁၅ ဘီလျံ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၆၇၅ ဘီလျံ ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း  ၆၀ အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

“အခု ဇူလိုင် ၂၄ ရက်အထိကို ချုပ်ပြီးအထည်တင်ပို့တာကနေ ဒေါ်လာ ၃၆၅၁ သန်း (၃ ဒသမ ၆ ဘီလျံ) ရရှိထားတယ်။ ကာလတူထက်ဒေါ်လာသန်း ၆၀ လျော့ကျတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။

အထည်ချုပ် CMP ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆ တိုးတက်လာခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့် တိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။