၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်ခဲ့ပြီး ကစားသမားဆုနှင့် လူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းတွင် လီဗာပူးလ်နှင့် မန်ယူအသင်းမှ (၃)ဦးစီဖြင့် အများဆုံးပါဝင်

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်ခဲ့ပြီး ကစားသမားဆုနှင့် လူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းတွင် လီဗာပူးလ်နှင့် မန်ယူအသင်းမှ (၃)ဦးစီဖြင့် အများဆုံးပါဝင်
Photos: Daily Mail & Premier League
Photos: Daily Mail & Premier League
Published 7 August 2020

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းကို သောကြာနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းဆုများကို ပရီးမီးယားလိဂ်ပြိုင်ပွဲက ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး နည်းပြဆုအတွက် (၄)ဦး၊ ကစားသမားဆုအတွက် (၇)ဦး၊ လူငယ်ကစားသမားဆုအတွက် (၈)ဦးနှင့် သွင်းဂိုးဆုအတွက် (၈)ဦး ထုတ်ပြန်ထားသည်။ 

နည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် ချန်ပီယံ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သည့် လမ်းပတ် (ချယ်လ်ဆီး)၊ ဘရန်ဒန်ရော်ဂျာ (လက်စတာ) နှင့် ခရစ္စဝိုင်လ်ဒါ (ရှက်ဖီးယူနိုက်တက်) တို့ ရွေးချယ်ခံထားရသည်။ 

ကစားသမားဆု ဆန်ခါတင်စာရင်းတွင် လီဗာပူးလ်အသင်းမှ (၃)ဦးဖြင့် အများဆုံးပါဝင်နေပြီး FWA ဆုရရှိထားသည့် အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ တောင်ပံကစားသမား မာနေနှင့် ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးလ်တို့ ရွေးချယ်ခံထားရသည်။

ဂိုးဖန်တီးမှုအများဆုံး (Playmaker of the Season) ဆုရရှိထားသည့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား၊ (၂၂) ဂိုးသွင်းယူပြီး ဒုတိယဂိုးအများဆုံးအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့သည့် ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ်၊ Clean Sheets (၁၅) ပွဲရခဲ့သည့် ဘန်လေဂိုးသမား နစ်ပုပ်နှင့် (၂၃) ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရရှိခဲ့သည့် လက်စတာတိုက်စစ်မှူး ဗာဒီတို့လည်း ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

အသက် (၂၃) နှစ်နှင့်အောက် လူငယ်ကစားသမားဆုကို ယခုရာသီတွင် ပထမဆုံး အကြိမ် ချီးမြှင့်ခြင်းဖြစ်ပြီး မန်ယူအသင်းမှ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဂရင်းဝုဒ်တို့ (၃)ဦးဖြင့် အများဆုံးရွေးချယ်ခံခဲ့ရသည်။ 

ချယ်လ်ဆီးအသင်းမှ မေဆန်မောင့် နှင့် ပူလီဆစ်တို့ (၂)ဦး၊ ရှက်ဖီးယူနိုက်တက်အသင်းမှ ဒင်းဟန်ဒါဆန်၊ ဗီလာအသင်းမှ ဂရီးလစ်ရှ်နှင့် လီဗာပူးလ်အသင်းမှ အလက်ဇန္ဒားအာနိုးလ်တို့ ရွေးချယ်ခံထားရပြီး အာနိုးလ်မှာ ဆုနှစ်ခုစလုံးအတွက် ဆန်ခါတင်စာရင်း ပါဝင်နေခြင်းဖြစ်သည်။ 

Most Read

Most Recent