ဆန်ချို၏အပြောင်းအရွှေ့အတွက် မန်ယူအသင်းနှင့် ဆွေးနွေးနေသည့်သတင်းများကို ဒေါ့မွန်အသင်း ငြင်းဆန်

ဆန်ချို၏အပြောင်းအရွှေ့အတွက် မန်ယူအသင်းနှင့် ဆွေးနွေးနေသည့်သတင်းများကို ဒေါ့မွန်အသင်း ငြင်းဆန်
Published 6 August 2020

အင်္ဂလန်လက်ရွေးစင်တောင်ပံကစား ဆန်ချို၏အပြောင်းအရွှေ့အတွက် မန်ယူအသင်းနှင့် ဆွေးနွေးနေသည့်သတင်းများကို ဒေါ့မွန်အသင်း ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ့မွန်အသင်းအနေဖြင့် လာမည့်ရာသီသစ်အတွက် ပြင်ဆင်နေပြီး ဆန်ချိုမှာလည်း အသင်းလူစာရင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မည်ဟုလည်း ဆိုခဲ့သည်။

'' အပြောင်းအရွှေ့က ဝေးကွာလွန်းပါတယ်။ ဒေါ့မွန်နဲ့ မန်ယူအသင်းကြားမှာ ဆန်ချိုနဲ့ပတ်သက်ပြီး ဆက်သွယ်တာမျိုး မရှိပါဘူး။ တိုက်ရိုက်မဟုတ်တာရော ကြားကတစ်ဆင့်ခံနဲ့ ဆွေးနွေးတာမျိုးတွေ မလုပ်ခဲ့ပါဘူး''ဟု

ဒေါ့မွန်အသင်း၏ မန်နေးဂျင်းဒါရိုက်တာ ဗက်ဇ်ကယ်က ဂျာမန်သတင်းစာ SZ သို့ ပြောကြားခဲ့သည်။

ဆန်ချို၏အပြောင်းအရွှေ့အတွက် သြဂုတ်လ ၁၀ ရက်တွင် နောက်ဆုံးထားအပြီးသတ်ရန် ဒေါ့မွန်အသင်းက မန်ယူအသင်းထံပြောထားသည်ဟု သတင်းများထွက်ခဲ့သော်လည်း ယခုပြောစကားအရ အပြောင်းအရွှေ့မှာ ပျက်ပြယ်ခဲ့ဖွယ်ရှိသည်ဟု Goal.com က သုံးသပ်ခဲ့သည်။

ဒေါ့မွန်အသင်းသည် ရာသီကြိုလေ့ကျင့်ခန်းဆင်းမှုကို လာမည့် သြဂုတ်လ(၁၀)ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ဆန်ချိုမှာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းဖွယ်ရှိသည်။

''တနင်္လာနေ့မှာ ဂျေဒန်(ဆန်ချို)ဟာ အသင်းလေ့ကျင့်ရေးစခန်းကို သွားလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ပြီးတော့ လာမယ့်ရာသီမှာ ကျွန်တော်တို့နဲ့အတူ ကစားပါလိမ့်မယ်'' ဟု ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ မီချယ်ဇော့က

ဖြည့်စွက်ပြောကြားခဲ့သည်။

မကြာသေးမီကမှ မန်ယူအသင်းနှင့် ဆန်ချိုအကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုကာ တစ်ပတ် ပေါင်(၂)သိန်းခွဲ ပေးချေမည်ဟု ဖော်ပြခဲ့ကြသည်။

သို့သော် ယင်းအချိန်ကတည်းက ဆန်ချို၏အပြောင်းအရွှေ့အတွက် အသင်း(၂)သင်းအကြား အဆင်မပြေဖြစ်နေသည်ဟု ကောလာဟလများထွက်ရှိကာ ပြောင်းရွှေ့ကြေး ညှိနှိုင်းမရဖြစ်ခဲ့ဖွယ်ရှိသည်ဟု သုံးသပ်မှုလည်း ရှိနေသည်။

ဆန်ချိုသည် ဒေါ့မွန်အသင်းနှင့် လက်ရှိစာချုပ်သက်တမ်းမှာ (၂)နှစ်သာကျန်ရှိတော့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့်ရာသီတွင် (၁၇)ဂိုးသွင်းကာ (၁၇)ဂိုး ဖန်တီးပေးခဲ့ပြီး အသင်းကို ဒုတိယနေရာတွင် ရပ်တည်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။

Most Read

Most Recent