ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်၏သားဖြစ်သူ ကက်စပါရှမိုက်ကယ်အား ခေါ်ယူ၍ ဒီဟေးယားနေရာအစားထိုးရန် မန်ယူအသင်း စီစဉ်နေ

ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်၏သားဖြစ်သူ ကက်စပါရှမိုက်ကယ်အား ခေါ်ယူ၍ ဒီဟေးယားနေရာအစားထိုးရန် မန်ယူအသင်း စီစဉ်နေ
Published 3 August 2020

မန်ယူအသင်းသည် အသင်း၏ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်၏သားဖြစ်သူ ကက်စပါရှမိုက်ကယ်အား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ပြီးခဲ့သည့်ရာသီက အသင်းတွင် အမှားအယွင်းများခဲ့သော စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယား၏နေရာ၌ အစားထိုးရန် ဂိုးသမားသစ် ရှာဖွေလျက်ရှိနေပြီး ယခုအခါ ကက်စပါရှမိုက်ကယ်ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ရှက်ဖီးယူနိုက်တက်အသင်းသို့ အငှားချထားသော အင်္ဂလန် ယူ-၂၁ ဂိုးသမားဟောင်း ဒင်းန်ဟန်ဒါဆန်အား ပြန်လည်ခေါ်ယူခဲ့သော်လည်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် အသင်းတွင် ၎င်းကို ပထမဂိုးသမားအဖြစ် အသုံးမပြုလိုသေးဘဲ အချိန်အတိုင်းအတာတစ်ရပ် စောင့်ကြည့်သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

သို့ဖြစ် ရာ အသက်(၃၃)နှစ်အရွယ်ရှိ ၀ါရင့်ဂိုးသမား ကက်စပါရှမိုက်ကယ်အား ခေါ်ယူရန် မန်ယူအသင်းက လျှို့ဝှက်စီစဉ်နေခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ကက်စပါရှမိုက်ကယ်သည် မန်ယူအသင်း၏ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းတွင် ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး ကလပ်အသင်းပေါင်းများစွာသို့ အငှားသွားရောက်ကစားခဲ့ဖူးသည်။

ထို့နောက် နော့ကောင်တီ၊ လိဒ်စ်ယူနိုက်တက်အသင်းများသို့ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လက်စတာစီးတီးအသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၅၂)ပွဲကစားထားသည့် ကက်စပါရှမိုက်ကယ်သည် လက်စတာစီးတီးအသင်း၌ (၉)ရာသီအတွင်း ပြိုင်ပွဲစုံ(၃၇၈)ပွဲ ကစားထားသူဖြစ်ပြီး ၂၀၁၅-၁၆ ဘောလုံးရာသီတွင် လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေရန် အဓိကနေရာမှ ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

ကက်စပါရှမိုက်ကယ်သည် ၂၀၁၈၊ သြဂုတ်လအတွင်းက လက်စတာအသင်းနှင့် (၅)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထား၍ အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသည်။

ရှမိုက်ကယ်သည် လက်ရှိတွင် လက်စတာအသင်း၌ တိုက်စစ်မှူး ဂျေမီဗာဒီနှင့်အတူ လစာငွေအများဆုံးဘောလုံးသမားအဖြစ် တစ်ပတ်လျှင် ပေါင်(၁၃၀၀၀၀)ဝင်ငွေရရှိနေပြီး မန်ယူအသင်းအနေဖြင့် ယင်းပမာဏထက် များစွာပိုမိုသောလစာငွေဖြင့် ၎င်းကို မက်လုံးပေးကမ်းလှမ်းဖွယ်ရှိနေသည်။

လက်ရှိတွင် မန်ယူအသင်း၌ ဂိုးသမား ဒီဟေးယားမှာ တစ်ပတ်လစာ ပေါင်(၃၇၅၀၀၀)ရရှိနေ၍ ကက်စပါရှမိုက်ကယ်၏ လစာထက် (၃)ဆနီးပါးခန့် ပိုမိုရရှိနေခြင်းဖြစ်သည်။

ဒီဟေးယားသည် မန်ယူအသင်းတွင် ပြီးခဲ့သည့်(၂)ရာသီအတွင်း သူ၏အမှားများမှတစ်ဆင့် ပြိုင်ဘက်အသင်းများကို (၇)ဂိုးအထိ ပေးခဲ့ရပြီး ယင်းကာလအတွင်း ပရီးမီးယားလိဂ် ဂိုးသမားများထဲတွင် ဒုတိယအများဆုံးအဖြစ် (အများဆုံးမှာ နယူးကာဆယ်ဂိုးသမား ဒူဘရေကာဖြစ်ပြီး ၈ ဂိုးအထိ ပေးခဲ့ရ) မှတ်တမ်းဝင်ခဲ့သည်။

ဒီဟေးယားသည် မန်ယူအသင်းတွင် စတင်ကစားခဲ့သည့် ၂၀၁၁-၁၂ ရာသီမှ ၂၀၁၇-၁၈ ရာသီအထိ (၇)ရာသီအတွင်း သူ၏အမှားမှ ဂိုးစုစုပေါင်း (၆)ဂိုးသာ ပေးခဲ့ရသော်လည်း နောက်ဆုံး(၂)ရာသီတွင် (၇)ဂိုးအထိ ပေးခဲ့ရခြင်းဖြစ်သည်။

 

Most Read

Most Recent