ပြီးခဲ့သည့်စနေနေ့ကကစားခဲ့သော FA ဖလားဗိုလ်လုပွဲ အာဆင်နယ်(၂-၁)ချယ်လ်ဆီးပွဲတွင် တာဝန်ယူခဲ့သည့် ဒိုင်လူကြီး အန်သိုနီတေလာအား ချယ်လ်ဆီးပရိသတ်များက အလွန်အမင်းဒေါသထွက်ခဲ့ကြပြီး လူမှုကွန်ရက်စာမျက် နှာများတွင် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အထူးသဖြင့် ယင်းပွဲတွင် ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာချစ်ကို ပွဲချိန်(၇၃)မိနစ်တွင် (၂)၀ါ(၁)နီဖြင့် ထုတ်ပယ်ခဲ့ခြင်းအတွက် ချယ်လ်ဆီးပရိသတ်များမှာ အန်သိုနီတေလာကို ဒေါသထွက်ခဲ့ကြခြင်းဖြစ်သည်။
ကိုဗာချစ်သည် အာဆင်နယ်ကွင်းလယ်လူ ချာကာအား ဘောလုံးဖျက်ထုတ်မှုများအတွက် ပွဲချိန်(၁၄)မိနစ်တွင် တစ် ကြိမ်၊ (၇၃)မိနစ်တွင် တစ်ကြိမ် အဝါကတ်များ ပြခံရကာ (၂)၀ါ(၁)နီဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
အန်သိုနီတေလာသည် ယင်းပွဲတွင် ကိုဗာချစ်ကို ထုတ်ပယ်ခဲ့သည့်အပြင် အချို့သောဆုံးဖြတ်ချက်များ၌လည်း အာဆင်နယ်အသင်းဘက်သို့ ဘက်လိုက်ဆုံးဖြတ်မှုများရှိခဲ့သည်ဟု ချယ်လ်ဆီးပရိသတ်များက ယူဆနေခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၆-၁၇ ရာသီ FA ဖလားဗိုလ်လုပွဲအဖြစ် အာဆင်နယ်နှင့်ချယ်လ်ဆီးတို့ ဆုံတွေ့ခဲ့စဉ်ကလည်း ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
ယင်းပွဲတွင် အန်သိုနီတေလာသည် ချယ်လ်ဆီးတောင်ပံကစားသမား မိုဆက်စ်ကို ပွဲချိန်(၆၈)မိနစ်တွင် အနီကတ်ပြကာ ထုတ်ပယ်ခဲ့ပြီး ယင်းပွဲတွင်လည်း အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။
စနေနေ့က ကစားခဲ့သောဗိုလ်လုပွဲအပြီးတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ဒိုင်လူကြီး အန်သိုနီတေလာကို ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
Expression OOZ ဟု အမည်ရသည့် အကောင့်ပိုင်ရှင်က ''ဒီပွဲအပြီးမှာ FAဖလား ချန်ပီယံဆုဖလားကို ကိုင်မြှောက်မှာ ဘယ်သူလဲ။ အူဘာမီယန်းလား၊ အန်သိုနီတေလာလား''ဟု ရေးသားခဲ့သည်။

ထို့ပြင် aoifewalsh 90 ဆိုသည့် အကောင့်ပိုင်ရှင်က ''ဒီပွဲမှာ ခရစ္စမတ်ပွဲတော်တစ်ခုကျင်းပသလို အန်သိုနီတေလာက အနီ၊ အဝါတွေကို ထုတ်သုံးခဲ့ပါတယ်''ဟု ဝေဖန်ရေးသားခဲ့သည်။
အန်သိုနီတေလာသည် ယင်းပွဲတွင် အဝါ(၇)ကတ်၊ အနီ(၁)ကတ် ပြခဲ့သော်လည်း အာဆင်နယ်အသင်းဘက်မှ ကွင်းလယ်လူ စီဘယ်ယော့စ်တစ်ဦးသာ အဝါကတ်ပြခံခဲ့ရသည်။
Realist_187 ဆိုသည့် အကောင့်ပိုင်ရှင်က ''ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိသူက အန်သိုနီတေလာ ဖြစ်ပါတယ်''ဟု ရေးသားခဲ့သည်။
Blue#Footy အကောင့်ပိုင်ရှင်က အင်္ဂလန်တွင် ဒိုင်လူကြီးများ၏ အဆင့်အတန်းမှာအလွန်နိမ့်နေကြောင်းနှင့် ဒိုင်လူကြီးများကို အစားထိုးရန် လိုအပ်နေပြီဖြစ်ကြောင်း ဝေဖန်ရေးသားခဲ့သည်။















