လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၄၀ ကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၄၀ ကျော် လျော့ကျ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
Published 2 August 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၂၄၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင်၂၄ ရက်အထိ ၁၀ လခန့်တွင် ပြည်ပသို့ သဘာဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၇၇၄ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၄၃  သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ ဒီနှစ်မှာက သဘာဝဓာတ်ငွေ့က တင်ပို့မှုအရင်ထက် လျော့တယ်။ တန်ဖိုးကလည်း ဒေါ်လာ ၂၄၃ သန်း လျော့တယ်” ဟု ၎င်းက ပြောကြားသည်။

အစိုးရသက်တမ်း တတိယ တစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆၂၃,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် မေ ၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

တတိယ တစ်နှစ်တာကာလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

တတိယ တစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရေနံစိမ်း စည်စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၂၃,၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်တို့အား ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကမ်းလွန် ၁၅ ကွက်တွင် A-2 ၊ AD-4 ၊ AD-10 ၊ AD-12 ၊ AD-13 ၊ AD-14 ၊ AD-15 ၊ AD-16 ၊ M-1 ၊ M-10 ၊ M-16 ၊ MD-1 ၊ MD-3 ၊ MD-6 ၊ MD-8 တို့ဖြစ်ကြောင်း Rakhine Investment Opportunity Survey တွင် ဖော်ပြထားသည်။

ကုန်းတွင်း ၁၈ ကွက်တွင် PSC-C2 ၊ PSC-J ၊ PSC-L ၊ PSC-M ၊ PSC-S ၊ PSC-T ၊ PSC-U ၊ PSC-V ၊ RSF-2 ၊ RSF-3 ၊ RSF-4 ၊ RSF-7 ၊ RSF-10 ၊ IOR-3 ၊ IOR-4 ၊ MOGE-6 ၊ MOGE-7 ၊ MOGE-8 တို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင်လည်း A-6 ကမ်းလွန်လုပ်ကွက် တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှုစာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Woodside အနေဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ A-6 ကမ်းလွန်လုပ်ကွက်သည် တူးဖော်ရှာဖွေရေးနှင့် အကဲဖြတ်အဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပဏာမအဆင့် အင်ဂျင်နီယာလုပ်ငန်းပိုင်းဆိုင်ရာ ဒီဇိုင်းဖော်ဆောင်ခြင်း (pre-front-end engineering design, pre-FEED) အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။