ယူရိုပါလိဂ်ပြိုင်ပွဲမပြီးဆုံးခင် ဟာဗက်ဇ် ထွက်ခွာမည်မဟုတ်ဟု ရူဒီဗောင်လာ အတည်ပြု

ယူရိုပါလိဂ်ပြိုင်ပွဲမပြီးဆုံးခင် ဟာဗက်ဇ် ထွက်ခွာမည်မဟုတ်ဟု ရူဒီဗောင်လာ အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 31 July 2020

ချယ်လ်ဆီးအသင်း၏ ပစ်မှတ်ထားခြင်းခံနေရသည့် ကွင်းလယ်ကြယ်ပွင့်ကစားသမား ဟာဗက်ဇ်အနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲမပြီးဆုံးခင် ထွက်ခွာမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်း အားကစားဒါရိုက်တာ ရူဒီဗောင်လာက အတည်ပြုပြောကြားသည်။

    

အသက် (၂၁) နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမား ဟာဗက်ဇ်သည် ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်း၏ ဦးစားပေးပစ်မှတ်ဖြစ်နေပြီး ၎င်းအနေဖြင့် ယူရိုပါလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ လက်ကျန်ပွဲ ပြန်လည်မကစားမီ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။ 

သို့သော် ရူဒီဗောင်လာက "အရင်အတိုင်း မပြောင်းလဲပါဘူး။ အသစ်ဖြစ်တာ ဘာမှမရှိပါဘူး။ ကိုရိုနာ ဘောနပ်စ်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဘယ်ကစားသမားပဲဖြစ်ဖြစ် ဒီအပြောင်းအရွှေ့က တကယ်ကိုထူးခြားပါတယ်"ဟု ဂျာမနီနိုင်ငံထုတ် Kicker မဂ္ဂဇင်းသို့ ပြောကြားသည်။

ရူဒီဗောင်လာ၏ ပြောကြားချက်အရ ချယ်လ်ဆီးအသင်းအနေဖြင့် ဟာဗက်ဇ်အား ခေါ်ယူလိုပါက ၎င်းတို့တောင်းဆိုထားသည့် ပေါင်သန်း (၉၀) အပြည့်ပေးချေရဖွယ်ရှိနေသည်။ 

သို့သော် ချယ်လ်ဆီးအသင်းကမူ ပေါင်သန်း (၇၀) ဝန်းကျင်ဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း သဘောတူညီမှုရရန် မျှော်လင့်ထားကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီအတွက် အေဂျက်စ်အသင်း တောင်ပံကစားသမား ဇီယာ့ရှ်ကို ပေါင် (၃၆) သန်း၊ လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဗာနာကို ပေါင် (၄၇.၇) သန်းဖြင့် ခေါ်ယူထားပြီးဖြစ်သလို ခံစစ်နှင့် ဂိုးသမားနေရာအတွက်လည်း ထပ်မံအားဖြည့်မည်ဖြစ်သောကြောင့် ဟာဗက်ဇ်အတွက် ပေါင်သန်း (၉၀) အထိ ပေးချေရန် တုံ့ဆိုင်းနေခြင်းဖြစ်သည်။

Most Read

Most Recent