COVID-19 ကြောင့် တစ်နှစ်နီးပါးကြာမြင့်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထူးခြားချက်များကို BBC သတင်းဌာန ဖော်ပြ

COVID-19 ကြောင့် တစ်နှစ်နီးပါးကြာမြင့်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထူးခြားချက်များကို BBC သတင်းဌာန ဖော်ပြ
Published 30 July 2020

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကျင်းပချိန် တစ်နှစ်နီးပါးကြာမြင့်ခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထူးခြားသည့်အချက်အလက်များကို BBC သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ရာသီကို ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်မှ ယခုနှစ် ဇူလိုင် ၂၆ ရက်အထိ  တစ်နှစ်နီးပါး ကျင်းပခဲ့ရပြီး ပြိုင်ပွဲကာလမှာ ၁၁ လကျော်ကြာမြင့်ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အချိန်အကြာဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ကြောင့် ပုံမှန်မဟုတ်ဘဲ ထူးခြားသည့်အချက်အလက်နှင့် မှတ်တမ်းမှတ်ရာများကို BBC သတင်းဌာနက ဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

■ Lockdown မတိုင်မီနှင့် အလွန် ခြားနားချက်

COVID-19 ဖြစ်ပွားမှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ် ၁၃ ရက်မှ ဇွန် ၁၇ ရက်အထိ သုံးလကျော်ကြာ ရပ်နားခဲ့ရသော်လည်း Lockdown မတိုင်မီနှင့် Lockdown အလွန် အချက်အလက်များမှာ ခြားနားချက်များစွာမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

        Pre    Post

ပွဲစုစုပေါင်း        ၂၈၈    ၉၂

တစ်ပွဲသွင်းဂိုး    ၂.၇၂    ၂.၇၂

တစ်ပွဲကန်သွင်းမှု    ၂၅.၂    ၂၃.၂

တစ်ပွဲပေးပို့မှု    ၉၁၂.၄    ၉၂၂.၅

အဝေးကွင်းအနိုင်ရမှု    ၄၀.၃%    ၄၀.၃%

ဒုတိယပိုင်းသွင်းဂိုး    ၅၄.၅%    ၅၂.၈%

■ VAR ကြောင့် အကျိုးသက်ရောက်မှု

အငြင်းပွားဖွယ်ဖြစ်ရပ်များကို ကူညီ ဆုံးဖြတ်ပေးရန် VAR စနစ် ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့သော်လည်း VAR စနစ်ကို ကြည့်ရှု၍ ဆုံးဖြတ်သည်မှာ လူသားများပင် ဖြစ်သောကြောင့် ဝေဖန်မှုများရှိနေဆဲဖြစ်သည်။ VAR စနစ်ကြောင့် အကျိုးသက် ရောက်မှုအရှိဆုံးအဖြစ် ဘရိုက်တန်အသင်းက ပြိုင်ဘက်အသင်း၏သွင်းဂိုးအား ပယ်ဖျက်မှု ရှစ်ကြိမ်ဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် VAR ၏ မျက်နှာသာပေးမှုခံရသည်ဟု ဝေဖန်ခံခဲ့ရသည့် မန်ယူအသင်းနှင့် ဆောက်သမ်တန်အသင်းက ပြိုင်ဘက်၏ သွင်းဂိုးပယ်ဖျက်မှု ခုနစ်ကြိမ်စီဖြင့် ပူးတွဲဒုတိယနှင့် စပါးအသင်းက ခြောက်ကြိမ်ဖြင့် စတုတ္ထနေရာ ရပ်တည်ခဲ့သည်။ VAR ကြောင့် နစ်နာမှုအရှိဆုံးအဖြစ် မိမိအသင်း၏သွင်းဂိုး ပယ်ဖျက်ခံရမှု လေးကြိမ်၊ ပြိုင်ဘက်အသင်းအား ဂိုးမပေးရန် ဆုံးဖြတ်ထားပြီးမှ ပြန်လည်ပြင်ဆင်မှု လေးကြိမ်၊ စုစုပေါင်း ရှစ်ကြိမ်ဖြင့် ဝက်စ်ဟမ်းအသင်းက ရပ်တည်ခဲ့သည်။ ၎င်း၏နောက်တွင် ရှက်ဖီးယူနိုက်တက်၊ လက်စတာ၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့က အလားတူအခြေအနေ ခြောက်ကြိမ်စီဖြင့် ပူးတွဲဒုတိယအဖြစ် ရပ်တည်ခဲ့သည်။

■ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် တန်းဆင်းဇုန်အတွင်း ရပ်တည်မှု

ရာသီကုန်တွင် ထိပ်ဆုံးလေးနေရာမှ ချန်ပီယံ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ ပြီး အောက်ဆုံးသုံးနေရာမှ ဘုန်းမောက်၊ ဝက်ဖို့ဒ်၊ နောဝစ်ချ်အသင်းတို့ တန်းဆင်းခဲ့ရသည်။ ထိပ်ဆုံးလေးနေရာတွင် လီဗာပူးလ်အသင်း က ၃၅၃ ရက်ဖြင့် အချိန်အကြာဆုံး ရပ်တည်နိုင်ခဲ့ပြီး မန်စီးတီးအသင်းက ၃၅၂ ရက်၊ လက်စတာအသင်းက ၃၂၅ ရက်၊ ချယ်လ်ဆီးအသင်း က ၂၈၂ ရက် ရပ်တည်နိုင်ခဲ့သည်။ သို့သော် လက်စတာအသင်းအနေဖြင့် ရာသီကုန်တွင် အဆင့် ၅ နေရာသာရရှိသောကြောင့် ယူရိုပါလိဂ်ဝင်ခွင့်နှင့် ကျေနပ်ခဲ့ရပြီး မန်ယူအသင်း မှာမူ ထိပ်ဆုံးလေးနေရာတွင် ၂၂ ရက်သာ ရပ်တည်ခွင့်ရသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သည်။ တန်းဆင်းဇုန်အတွင်း၌ အချိန်အကြာဆုံးအဖြစ် နောဝစ်ချ်အသင်းက ၃၁၁ ရက်၊ ဝက်ဖို့ဒ်အသင်းက ရက် ၂၀၀၊ ဗီလာအသင်းက ၁၉၃ ရက်၊ ဘုန်းမောက်အသင်းက ရက် ၁၈၀ ရပ်တည်ခဲ့ရပြီး ဗီလာအသင်းက ရာသီပိတ်ပွဲအပြီးတွင် တစ်မှတ်အကွာဖြင့် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

■ ပျမ်းမျှအသက်အငယ်ဆုံး ပွဲထွက်စာရင်း

ရာသီတစ်လျှောက်လုံး အသုံးပြုခဲ့သည့် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းတွင် မန်ယူ အသင်းက ၂၅ ဒသမ ၀၉၆ နှစ်ဖြင့် ပျမ်းမျှ အသက်အငယ်ဆုံးဖြစ်ခဲ့ပြီး ဘုန်းမောက် အသင်းက ၂၅ ဒသမ ၂၃၇ နှစ်ဖြင့် ဒုတိယ၊ ချယ်လ်ဆီးအသင်းက ၂၆ ဒသမ ၀၁၁ နှစ်ဖြင့် တတိယ ရပ်တည်ခဲ့သည်။ အသက်အကြီးဆုံး နည်းပြ ရွိုင်းဟော့ဒ်ဆန် (၇၂ နှစ်) ၏ ပဲလေ့စ် အသင်းက ၂၉ ဒသမ ၃၃၆ နှစ်ဖြင့် ပျမ်းမျှ အသက်အကြီးဆုံး ပွဲထွက်စာရင်းအဖြစ် ရပ်တည်ခဲ့သည်။

■ Lockdown  အလွန် ရလဒ်အကောင်းဆုံး

Lockdown  ကာလအပြီး ပြန်လည်ကစားရာတွင် မန်စီးတီးအသင်းက ၁၀ ပွဲ ကစား ၂၄ မှတ်ဖြင့် ရလဒ်အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့ပြီး မန်ယူအသင်းက ကိုးပွဲကစား ၂၁ မှတ်ရရှိခဲ့သည်။ ချန်ပီယံ လီဗာပူးလ် အသင်းမှာမူ ကိုးပွဲကစားရာ ၁၇ မှတ်သာရရှိ ပြီး နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။

   

Most Read

Most Recent