တနင်္သာရီတိုင်းဒေသကြီး လေညှာ-မဏ္ဍိုင်ဒေသ တစ်လျှောက်တွင် ဇီဝဇိုးငှက်ခေါ်သူ ပိုမိုများပြားလာပြီး လိုင်စင်နှင့် စျေးကွက် ခိုင်မာမှုရရှိရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ လေညှာ-မဏ္ဍိုင်ဒေသ တစ်လျှောက်တွင် ဇီဝဇိုးငှက် (ခ) ငှက်သိုက်ငှက်များအား တစ်နိုင်တစ်ပိုင် ခေါ်ယူသူ ပိုမိုများပြားလာကြောင်း သိရသည်။ အားအင်ပြည့်ဖြိုးသည့် သဘာဝအစားအစာ တစ်မျိုးဖြစ်သော ငှက်သိုက်များကို ဇီဝဇိုးငှက်များ၏ အသိုက်မှ ရရှိသည့်အတွက် အဆိုပါငှက်များ ကို နေအိမ်အတွင်း အသိုက်ဖွဲ့ နေထိုင်လာစေရန် လုပ်ဆောင်သူ ပိုမိုများပြားလာကြောင်း သိရသည်။
“ဇီဝဇိုးငှက်လေးတွေ အရင်တုန်းက ဒီမှာရှိနေတာ လူတွေ သိပ်မသိဘူး။ နောက်ပိုင်းမှာ ဘုန်းကြီးကျောင်းမှာ သဘာဝငှက်လေးတွေ ဝင်လာတယ်။ အဲဒီအချိန်မှ ငှက်သိုက်ငှက်မှန်းသိလို့ မွေးမြူကြတယ်။ စက်တွေနဲ့ ခေါ်တယ်။တချို့အိမ်တွေက အနည်းငယ်ရတယ်။ တချို့အိမ်တွေက အရများတယ်။ လူနေအိမ်မှာ ခေါ်ကြတာပါ။ ငှက်သိုက်တွေအတွက် အိမ်တစ်လုံးဆောက်ရင် အနည်းဆုံး သိန်း ၇၀ လောက် ကုန်တယ်။ အဲဒါက သစ်သားအိမ်လေးတွေပါ။ လူတွေနဲ့တွဲပြီး နေထိုင်လို့ရတဲ့ အိမ်မျိုးတွေပေါ့။ ငှက်သိုက်ငှက်တွေအတွက် တိုက်လိုမျိုး သီးသန့်ဆောက်ရင် ဒီထက်ကုန်မှာပဲ။ လက်ရှိ အနေအထားမှာ စျေးကွက်က မရှိဘူး။ တစ်ဆင့်ခံ ရောင်းကြရတယ်။ လိုင်စင်လျှောက်ထားပေမယ့် အစုအဖွဲ့အသင်းတွေ မလုပ်နိုင်သေးဘူး။ ဒေသခံတွေကတော့ လိုင်စင် လုပ်ချင်တယ်။ တချို့လည်း လိုင်စင်လုပ်ထားပေမဲ့ ဌာနဆိုင်ရာတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်မယ် တော်ရုံတန်ရုံ လိုင်စင်မကျဘူး။ အိမ်ခြေ ၃၀၀ ကျော်မှာ ၁၀၀ လောက်က ငှက်ခေါ်ထားတဲ့ အိမ်တွေဖြစ်တယ်။ ငှက်သိုက် တစ်ကျပ်သားကို အများဆုံး တစ်သောင်းခွဲလောက်ပဲ ရတယ်” ဟု မဏ္ဍိုင်မြို့ လေညှာအရှေ့ရပ်ကွက်မှ ဦးအောင်မျိုးက ပြောကြားသည်။
ယခင်က ငှက်သိုက်ငှက်များ ရှိနေသော်လည်း ဒေသခံများက သိရှိခြင်းမရှိဘဲ လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင် သိရှိလာခဲ့ရာမှ နေအိမ်များအတွင်း ငှက်များ နေထိုင်လာစေရန် မြှူဆွယ်လာကြကြောင်း သိရသည်။
“ငှက်သိုက်တွေက ဘယ်ကနေ ရောက်လာလဲမသိဘူး။ အိမ်တွေမှာ လိုက်ကပ်နေကြတယ်။ ဘုန်းကြီးကျောင်းမှာ ငှက်သိုက်စွဲနေတာ တွေ့ရမှ ကျွန်တော်တို့လည်း ခေါ်ကြည့် မယ်ဆိုပြီး ခေါ်လိုက်တယ်။ ကျွန်တော် ငှက်ခေါ်ထားတာ လေးနှစ်လောက်ရှိပြီ။ တောက်တဲ့အကောင်တွေ လာရောက်စားသောက်တဲ့ အန္တရာယ်လည်း ရှိတယ်။ ပုရွက်ဆိတ်တွေရဲ့ အန္တရာယ်လည်းရှိတယ်။ နောက်ပိုင်းမှ နည်းပညာတွေ ရှာကြံလုပ်မှ အဆင်ပြေသွားတယ်။ အိမ်တွေထဲမှာ ငှက်တွေအလာများမှ စီးပွားရေး အဆင်ပြေပါတယ်” ဟု ငှက်သိုက်ငှက် ခေါ်ထားသူ ဦးကြည်ရှိန်က ပြောကြားသည်။
ငှက်သိုက်ငှက်များကို စီးပွားဖြစ် ခေါ်နေကြသော်လည်း သက်ဆိုင်ရာဌာနများမှ လိုင်စင်ချပေးရန် နှောင့်နှေးမှုများ ရှိနေကြောင်း ဒေသခံများက ထားဝယ်မြို့အထိ သွားရောက်ကာ လိုင်စင်လုပ်ရသော်လည်း လိုင်စင်ချထားပေးမှု နည်းပါးနေကြောင်း သိရသည်။















