စိန့်အက်တီယန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပြင်သစ်ဖလားဗိုလ်လုပွဲစဉ်တွင် ဒဏ်ရာရရှိသွားခဲ့သည့် ဘာပေ၏ အခြေအနေမှာ ဆေးစစ်ချက်များအရ အရွတ်ထိခိုက်မိခြင်းမရှိသော်လည်း ပြင်းထန်စွာအဆစ်လွဲသွားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဗိုလ်လုပွဲတွင် PSG အသင်းသည် တိုက်စစ်မှူး နေမာ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် တစ်ယောက်လျော့ စိန့်အက်တီယန်အသင်းကို အနိုင်ရကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၃)ကြိမ်မြောက်အဖြစ်ဗိုလ်စွဲခဲ့သည်။

သို့သော်အသင်း၏ အဓိက ကစားသမားဖြစ်သူ ဘာပေမှာ ပွဲချိန် (၂၅)မိနစ်တွင် ပြိုင်ဘက်နောက်ခံလူ ဖိုဖာနာနှင့်ထိခိုက်မိခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရခဲ့သည့်အတွက် ဆာရာဘီးယားနှင့် လူစားလဲခဲ့ရသည်။
ဒဏ်ရာရရှိခဲ့သည့် ဘာပေ သည် ကွင်းအတွင်းမှ မျက်ရည်များဖြင့် ထွက်သွားခဲ့ရသော်လည်း ပွဲအပြီးတွင် ချိုင်းထောက်ဖြင့် ပြန်လည်ဝင်ရောက်လာပြီး အသင်းဖော်များနှင့်အတူ အောင်ပွဲခံရာတွင် ပါဝင်ခဲ့သည်။

၎င်း၏ဒဏ်ရာ ကို စစ်ဆေးရာ အရွတ်ထိခိုက်မိခြင်းမရှိသော်လည်း ပြင်းထန်စွာ အဆစ်လွဲသွားခြင်းဖြစ်သောကြောင့် အတ္တလန္တာအသင်းနှင့်ကစား မည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ပါဝင် နိုင်ခြေရှိမရှိ စောင့်ကြည့်ရတော့မည်ဖြစ်သည်။
ဘာပေ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး PSG အသင်းနည်းပြ တူဟယ်လ်က ''အားလုံးစိုးရိမ်နေပါတယ်။ ဒီပြစ်ဒဏ်ဘော က စိုးရိမ်စရာကောင်းတယ်ဆိုတာ အားလုံး လည်း တွေ့ပါတယ်'' ဟု ပြောကြားခဲ့သည်။
PSG အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လာမည့်သြဂုတ် (၁၃)ရက်နေ့တွင် အတ္တလန်တာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘာပေမပါဝင်နိုင်ခဲ့ပါက ချန်ပီယံလိဂ်ချန်ပီယံဆုကိုမျှော်လင့်နေသည့် PSG အသင်းအတွက်
ကြီးမားသည့်ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေသည်။

အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် ယခုရာသီတွင် PSG အသင်းတွက် ပြိုင်ပွဲစုံ (၃၃)ပွဲကစားရာတွင် ဂိုး (၃၀)အထိသွင်းယူပေးထားပြီး အသင်း၏တိုက်စစ်ပိုင်းတွင် အီကာဒီ၊ နေမာတို့နှင့်တွဲဖက်ကာ ခြေစွမ်းပြနေသူလည်းဖြစ်သည်။















