RFEF နည်းပြသင်တန်းကို တောရက်စ်နှင့် အာဘီလိုအာ တက်ရောက်ပြီးစီးခဲ့

RFEF နည်းပြသင်တန်းကို တောရက်စ်နှင့် အာဘီလိုအာ တက်ရောက်ပြီးစီးခဲ့
Published 21 July 2020

စပိန်လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သည့် ဖာနန်ဒိုတောရက်စ် (၃၆ နှစ်)နှင့် အာဘီလိုအာ (၃၇ နှစ်)တို့သည် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) မှ ဖွင့်လှစ်သည့် ပရော်ဖက်ရှင်နယ်နည်းပြသင်တန်းအား တက်ရောက်ပြီးစီးခဲ့ကြောင်း သိရသည်။ 

(၅)လတာ ကြာမြင့်ခဲ့သည့် အဆိုပါသင်တန်းတွင် တောရက်စ်၊ အာဘီလိုအာတို့အပါအဝင် မီဂွယ်တောရက်စ်၊ အီဘာဂါဇာ၊ အီရာဇော့စသည့် ကစားသမားဟောင်းများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ယခုသင်တန်းအပြီးတွင် ၎င်းတို့အနေဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ပရိုလိုင်စင်ရရှိရန်အတွက် ယူ-၁၈ အဆင့်ထက်မြင့်သည့် အောက်တန်းအသင်းများအား နည်းပြအဖြစ် (၆)လကြာ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

(၃၆)နှစ်အရွယ်ရှိပြီဖြစ်သည့် လီဗာပူးလ်နှင့် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း တောရက်စ်မှာ ၂၀၁၉ ခုနှစ် သြဂုတ်လက ဂျေလိဂ်ကလပ် ဆာဂန်တိုဆူအသင်းနှင့် နောက်ဆုံးကစားပြီး ကစားသမားဘဝမှ အနားယူခဲ့သည်။

ရီးယဲလ်နှင့် လီဗာပူးလ်နောက်ခံလူဟောင်း အာဘီလိုအာမှာမူ (၃၇)နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် ဝက်စ်ဟမ်းအသင်း၌ ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။ 

ယင်းကစားသမား(၂)ဦး၏ အသင်းဖော်များဖြစ်ခဲ့သည့် ရာအူးလ်နှင့် အလွန်ဆိုတို့မှာ ရီးယဲလ်ကက်စတယ်လာနှင့် ဆိုစီဒက်(ခ)အသင်းများကို ကိုင်တွယ်ပြီးနောက် ၂၀၁၈ သြဂုတ်လက ပရိုလိုင်စင်များ ရရှိခဲ့သည်။

Most Read

Most Recent