WLC ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်စိတ်ဝင်စားသည့် ပြည်ပလက်ဝှေ့သမား ၄၀ ခန့်ရှိနေပြီး စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု မြန်မာလက်ခမောင်း ပြောကြား

WLC ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်စိတ်ဝင်စားသည့် ပြည်ပလက်ဝှေ့သမား ၄၀ ခန့်ရှိနေပြီး စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု မြန်မာလက်ခမောင်း ပြောကြား
Photos : WLC - World Lethwei Championship Facebook
Photos : WLC - World Lethwei Championship Facebook
Published 21 July 2020

မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပလျက်ရှိသည့် WLC မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်ဝင်စားနေသည့် ပြည်ပလက်ဝှေ့သမားအရေအတွက် ၄၀ ခန့်ရှိပြီး ၎င်းတို့ကို WLC ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုနိုင်ရန်အတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲများကို တာဝန်ယူကျင်းပနေသည့်အဖွဲ့အစည်းဖြစ်ပြီး လတ်တလောတွင် ပြည်ပလက်ဝှေ့သမားများနှင့် စာချုပ်ချုပ်ဆိုထားသည်။ 

''မြန်မာ့လက်ဝှေ့ကို ယှဉ်ပြိုင်ချင်တယ်ဆိုပြီး WLC ပြိုင်ပွဲဆီကို ဆက်သွယ်လာတဲ့ ဖိုက်တာတွေက စုစုပေါင်း ၄၀ လောက် ရှိပါတယ်။ သူတို့အထဲမှာ WLCဘက်က စိတ်ဝင်စားနေတဲ့ ဖိုက်တာတွေလည်း ပါဝင်ပါတယ်။ သူတို့အနေနဲ့ WLC ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက်ဆိုရင် ဆွေးနွေး ညှိနှိုင်းစရာတွေရှိသလို WLC ဘက်ကနေလည်း စစ်ဆေးရမယ့်အရာတွေရှိပါတယ်။သူတို့တွေအားလုံးက မြန်မာ့လက်ဝှေ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စိတ်အား ထက်သန်မှုတွေဖြစ်လာတာကိုတော့ ဝမ်းမြောက်မိပါတယ်။ အဲဒီဖိုက်တာတွေအားလုံးအတွက် WLC ရဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်''ဟု မြန်မာလက်ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို WLC အမည်ဖြင့် စတင်ကျင်းပခဲ့ပြီး ပြည်ပစျေးကွက်သို့ပါ ထိုးဖောက်နိုင်ရန် ရည်ရွယ်ခဲ့သည်။ 

ထို့နောက် ၂၀၁၈  ခုနှစ်တွင် UFC Fightpass ၌ ပထမဆုံးပြသခွင့်ရသော မြန်မာ့လက်ဝှေ့ပွဲစီစဉ်သည့်အဖွဲ့အစည်း ဖြစ်လာခဲ့သည်။ 

WLC သည် ကိုယ်အလေးချိန်သတ်မှတ်ချက်အတိုင်း ၀ိတ်တန်းများသတ်မှတ်ထားပြီး အမှတ်ပေးစနစ်ကျင့်သုံးသည့် ပြိုင်ပွဲပုံစံဖြစ်သောကြောင့် ပြည်ပကစားသမား၏ စိတ်ဝင်စားမှုခံရခြင်း ဖြစ်သည်။ 

မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခုနှစ်နှင့် လာမည့်နှစ်အတွင်း ကမ္ဘောဒီးယား၊ ဂျပန်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတွင် ပြိုင်ပွဲများကျင်းပနိုင်ရန် ပြင်ဆင်ထားသည်။

Most Read

Most Recent