ကျောက်မဲမြို့နယ်အတွင်း ဇွန်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အရပ်သားသေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် ပတ်သက်၍ ဒေသခံ အများအပြား ဆန္ဒထုတ်ဖော်

ကျောက်မဲမြို့နယ်အတွင်း ဇွန်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အရပ်သားသေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် ပတ်သက်၍ ဒေသခံ အများအပြား ဆန္ဒထုတ်ဖော်
Published 10 July 2020
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကျန်ရွာအနီး ဇွန်လကုန်ပိုင်းက တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းအတွက် ကျောက်မဲမြို့နယ်ရှိ ဒေသခံ အများအပြားက ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက် ၇ နာရီအချိန်ခန့်မှ စတင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ကျောက်မဲမြို့နယ် ဟိုင်းကွီးကျေးရွာအုပ်စု ပန်ကျန်ရွာတွင် အသက် ၅၆ နှစ် အရွယ် ဦးအိုက်စုဆိုသူသည် သေဆုံးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက် ၆၀ အရွယ် ဦးအိုက်မောင်အား တပ်မတော်က ရိုက်နှက်ခဲ့သည်ဟုဆိုကာ တရားမျှတမှုအတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ပန်ကျန်ရွာတွင် နေထိုင်သော ရွားသားတစ်ဦးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုအတွင်း ကျောက်မဲခရိုင်အတွင်းရှိ ကျေးရွာ ၂၅၀ မှ ဒေသခံ ရဟန်းရှင်လူ အများအပြားက ခိုမုန်းကျေးရွာ စက်သုံးဆီဆိုင်တန်းတွင် စတင်၍ စုဝေးပြီး ကျောက်မဲလမ်းခွဲမှတဆင့် ပင်လုံလမ်း-အောင်ဆန်းလမ်း အတိုင်း ရန်ကင်းလမ်းဆုံထိ ချီတက် ဆန္ဒထုတ်ဖေါ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း လူစုလူဝေး မလုပ်ကြရန်နှင့် ဆန္ဒဖော်ထုတ်နေခြင်းကို မပြုလုပ်ရန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက လာရောက် တားမြစ်ခဲ့သည်။

ထို့အတူ ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ ဗျူဟာမှူး အဆင့်ရှိသည့် အရာရှိတစ်ဦး ဦး‌ဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဆန္ဒပြသူများနှင့် ညှိနှိုင်းစဉ် ရဲမှူးကြီး ဗညားဦးက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းဆန္ဒထုတ်ဖေါ်မှုနှင့် ပတ်သက်၍ COVID-19 ကာလ လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်မှု မရှိစေရေးအတွက် ဆန္ဒပြမှုကို ခွင့်မပြုခဲ့ခြင်း မရှိဘဲ ကျောက်မဲမြို့အဝင် ပင်လုံလမ်းဆုံသည့် နေရာတွင် အတားအဆီးများ ချထားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့နှင့် ဆန္ဒပြခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်ဆွေးနွေးမှုများဖြင့် လမ်းဖွင့်ပေးခဲ့ခြင်းကြောင့် လမ်းများပြန်လည် ဖွင့်လှစ်ခဲ့ပြီး ရန်ကင်းလမ်းဆုံ၌ နံနက် ၁၀ နာရီအချိန်ခန့်တွင် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ရွာအနီးတွင် ဇွန်လ (၂၇) ရက်နေ့နှင့် (၂၈) ရက်နေ့များက တပ်မတော်နှင့် RCSS/ SSA တို့ကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခြင်းတို့‌ကြောင့် ကျောက်မဲမြို့ရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦးက လက်မှတ်ရေးထိုးပြီး လူ့အခွင့်အရေး ကော်မရှင်ထံ စာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။

Most Read

Most Recent