ယခုနှစ် ခြောက်လအတွင်း YBS ယာဉ်တိုက်မှု ၇၇ မှုဖြစ်ပွားပြီး သေဆုံးသူ ၂၇ ဦးရှိ

ယခုနှစ် ခြောက်လအတွင်း YBS ယာဉ်တိုက်မှု ၇၇ မှုဖြစ်ပွားပြီး သေဆုံးသူ ၂၇ ဦးရှိ
ဇွန်လ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် YBS ၂၆ နှင့် ကွန်တိန်နာယာဉ်တို့ တိုက်မိမှုအား တွေ့ရစဉ်
ဇွန်လ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် YBS ၂၆ နှင့် ကွန်တိန်နာယာဉ်တို့ တိုက်မိမှုအား တွေ့ရစဉ်
Published 9 July 2020
ပြည့်ဖြိုးအောင်

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း YBS ယာဉ်တိုက်မှု ၇၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၇ ဦးရှိကြောင်း ဇူလိုင် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

YBS ယာဉ်တိုက်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၅ မှု၊ ဖေဖော်ဝါရီလတွင် ၂၅ မှု၊ မတ်လတွင် ၁၂ မှု၊ ဧပြီ ရှစ်မှု၊ မေလတွင် လေးမှုနှင့် ဇွန်လတွင် ၁၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၇ ဦးရှိခဲ့ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဇွန်အထိ ပြန်ကြည့်လို့ရှိရင် ၇၇ မှုဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ ပေါ်ပေါက်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒီအနေအထားကို ပြန်ကြည့်ရင် လူတွေထိခိုက်ဒဏ်ရာရမှုအပိုင်း ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ သေဆုံးသူ နှစ်ဦးရှိတယ်။ ဖေဖော်ဝါရီလမှာ ရှစ်ဦးရှိတယ်။ မတ်လမှ ရှစ်ဦး ရှိခဲ့တယ်။ ဧပြီမှာ တစ်ဦးနဲ့ မေလမှာ နှစ်ဦး၊ ဇွန်လမှာ ခြောက်ဦးရှိခဲ့ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

ယာဉ်တိုက်မှုများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး အကြောင်းတရား လေးမျိုးရှိပြီး လူ၊ ယာဉ်၊ ရာသီဥတုနှင့် လမ်းကြောင်းဟု သတ်မှတ်ထားကြောင်း ဦးလှအောင်က ပြောကြားသည်။

“ဖြစ်ပွားတဲ့ဟာက တစ်ဦးနဲ့တစ်ဦးက မတူပါဘူး။ ယာဉ်မောင်းနှင်သူကြောင့် ယာဉ်မောင်းနှင်သူ၏ ပေါ့ဆမှုကြောင့်။ ဥပမာ YBS ၄၀ ယာဉ်မောင်းသူရဲ့ လမ်းပြောင်းပြန် မောင်းတဲ့အတွက် သူမှာလုံးဝ တာဝန်ရှိတဲ့အတွက် တရားဥပဒေကလည်း ဘယ်သူအရေးယူမယ် ဆိုတာကို သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီအတွက် သူ့ကိုအရေးယူပါတယ်။ ဒါအပြင် လုပ်ငန်းအပေါ် တာဝန်ရှိတဲ့ သူတွေကို အရေးယူခဲ့ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၂ ရက် နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ဆင်မလိုက်အနီးတွင် ဘုရင့်နောင်လမ်းမကြီးအတိုင်း ကမာရွတ်မြို့နယ်ဘက်မှ ဘုရင့်နောင်ဘက်သို့ မောင်းနှင်လာသည့် YBS ၄၀ ခရီးသည်တင်ယာဉ်မှာ သီရိမင်္ဂလာစျေးဘက်မှ ဆင်မလိုက်ဘက်သို့ မောင်းနှင်လာသည့် အငှားယာဉ်အား ဝင်တိုက်မိခဲ့သဖြင့် အငှားယာဉ်ပေါ်မှ ယာဉ်မောင်းအမျိုးသား၊ နောက်ခန်းတွင် လိုက်ပါစီးနင်းလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးမှာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့သည်။

YBS ၄၀ ယာဉ်မှ ဝင်တိုက်မိသဖြင့် YBS ယာဉ်ရှေ့အောက်သို့ အငှားယာဉ်မှာ ညှပ်ဝင်သွားခဲ့ရာ လမ်းရှင်းမှုများအား တစ်နာရီခန့်ကြာအောင် ပြုလုပ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ YBS ၄၀ ယာဉ်မောင်းသည် ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဇွန် ၆ ရက်က ကရင်ပြည်နယ် ဘားအံမြို့တွင် ဖမ်းဆီးရမိခဲ့သည်။

 

Most Read

Most Recent