မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားခရီးစဉ်များအနက် တစ်ရက်လျှင် ခရီးသည် ၁၀၀၀ ခန့်စီးနင်းမှုရှိသော ရန်ကုန်- ဥက္ကံ RBE ရထားကို ဇူလိုင် ၁ ရက်မှစ၍ ယခင်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲ

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားခရီးစဉ်များအနက် တစ်ရက်လျှင် ခရီးသည် ၁၀၀၀ ခန့်စီးနင်းမှုရှိသော ရန်ကုန်- ဥက္ကံ RBE ရထားကို ဇူလိုင် ၁ ရက်မှစ၍ ယခင်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲ
ဇူလိုင် ၁ ရက်တွင် စတင်ပြေးဆွဲသည့် ရန်ကုန်- ဥက္ကံ RBE ရထားအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်
ဇူလိုင် ၁ ရက်တွင် စတင်ပြေးဆွဲသည့် ရန်ကုန်- ဥက္ကံ RBE ရထားအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်
Published 1 July 2020

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားရီးစဉ်များအနက် တစ်ရက်လျှင် ခရီးသည် တစ်ထောင်ခန့် စီးနင်းမှုရှိသော ရန်ကုန်- ဥက္ကံ RBE ရထားအား ယခုလမှ စတင်ကာ ယခင်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရန်ကုန်မှ ဥက္ကံသို့ ပြေးဆွဲနေသော အမှတ် ၆၅ အဆန်၊ ၆၆အစုန် RBE ရထားကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ယခင်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ အမှတ် ၆၆ အစုန် ရထားသည် ဥက္ကံဘူတာမှ နံနက် ၆နာရီတွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

အမှတ် ၆၅ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထွက်ခွာပြီး ဥက္ကံဘူတာသို့  ည ၈ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ရထားလက်မှတ်ခမှာ စျေးနှုန်း ပြောင်းလဲခြင်းမရှိဘဲ ရန်ကုန်မှ ဥက္ကံအထိ တစ်ဦးလျှင် ကျပ် ၆၀၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါရထားမှ COVID-19 ရောဂါမဖြစ်ပွားမီက အစုန်/ အဆန် ခရီးသည် တစ်ရက်လျှင် ပျမ်းမျှတစ်ထောင်ခန့် စီးနင်းလိုက်ပါခဲ့သော ရထားဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ဥက္ကံ ရထားပြေးဆွဲခြင်းကြောင့် လက်ယာရစ်မြို့့ပတ်ရထားနှင့် ရန်ကုန်- အင်းစိန်ရထားတို့ အချိန်အနည်းငယ် ပြင်ဆင်ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း  သိရသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး Social Distancing အထောက်အကူပြုစေရန် ရန်ကုန် -မန္တလေးလမ်းပိုင်းအပါအဝင် ခရီးဝေးရထားများအား လက်မှတ်တစ်စောင်လျှင် ထိုင်ခုံနှစ်နေရာစာ ပေးအပ်သည့်စနစ်ဖြင့် စတင်ရောင်းချနေကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။      

“COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး Social Distancing ရရှိစေဖို့အတွက် ကျွန်တော်တို့ မြန်မာ့မီးရထားက ပြေးဆွဲနေတဲ့ခရီးဝေးရထားတွေကို လက်မှတ်တစ်စောင်ဝယ်ယူရင် ထိုင်ခုံနှစ်နေရာ စာပေးတဲ့စနစ်နဲ့ ဇွန် ၁၆ ရက်က စတင်ပြီး ရောင်းချပေးနေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူက ပြောကြားသည်။                                                                            

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး Social Distancing အထောက်အကူပြုစေရန် ရန်ကုန်-မန္တလေးလမ်းပိုင်း အပါအဝင် ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ်ရထားများကို မေ ၁၆ ရက်မှစတင်ကာ တိုးချဲ့ပြေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရထားစီးခရီးသည်များအဆင်ပြေစေရေးနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်မှ စတင်ကာ ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ်ရထားများကို တိုးချဲ့ပြေးဆွဲခဲ့သည်။

တိုးချဲ့ပြေးဆွဲမည့် ခရီးဝေးရထားများမှာ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမှတ် ၅ အဆန်ရထားနှင့် အမှတ် ၆ အစုန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ် ၈၁ အဆန်ရထားနှင့် အမှတ် ၈၂ အစုန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ် ၇၁ အဆန်ရထားနှင့် အမှတ် ၇၂ အစုန်ရထား၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ် ၅၇ အဆန်ရထားနှင့် အမှတ် ၅၈ အစုန်ရထားတို့ဖြစ်သည့်။

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် မနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများသည် ခရီးသည်စီးနင်းမှု များပြားသည့်အတွက် ရန်ကုန်- အင်းစိန်၊ ရန်ကုန်-ပုရွက်ဆိတ်ကုန်းနှင့် ရန်ကုန်-တိုးကြောင်ကလေး လမ်းပိုင်းတို့တွင် မနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် အစုန်အဆန်ရထားတစ်စင်းစီ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုမှာ ရထားတွဲဆိုင်းရှစ်ဆိုင်း အသုံးပြုနေပြီးစီးရေ ၄၀ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ ရထားတွဲဆိုင်း ၁၁ ဆိုင်း၊ ရထားစီးရေ ၅၂ စီးအထိတိုး ချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။

လက်ရှိနေ့စဉ်ပြေးဆွဲနေသည့် မြို့့ပတ်ရထားများမှ ရထားတွဲဆိုင်းနှင့် စီးနင်းသည့်ခရီးသည် မျှတမှုရှိသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Social Distancing ဖြစ်စေရေးအတွက် တိုးချဲ့ပြေးဆွဲခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာ့မီးရထားမှရန်ကုန်မြို့၏ အရှေ့ခြမ်းနှင့်အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား၍ အဆင့်မြှင့်တင်မှု ပြုလုပ်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများလာမည့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent