ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေနှင့်ပတ်သက်ပြီး တရုတ်ကို ဥရောပသမဂ္ဂသတိပေး

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေနှင့်ပတ်သက်ပြီး တရုတ်ကို ဥရောပသမဂ္ဂသတိပေး
ဟောင်ကောင်ဥပဒေပြု ကောင်စီရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုကို ဇွန် ၂၀ က တက်ရောက်ခဲ့သော  တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင်
ဟောင်ကောင်ဥပဒေပြု ကောင်စီရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုကို ဇွန် ၂၀ က တက်ရောက်ခဲ့သော  တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင်
Published 23 June 2020
Ref: AFP

ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို ရှေ့ဆက်လုပ်ဆောင်မည်ဆိုလျှင် တရုတ်သည် အလွန်ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက သတိပေးခဲ့သည်။

ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်၏ လွတ်လပ်ခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိခိုက်စေမည့် ဥပဒေဟု ဝေဖန်သူများက ပြောကြားထားသော အမျိုးသားလုံခြုံရေး ဥပဒေသစ်နှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌအာဆူလာဗန်ဒါလေယန်နှင့်ဥရောပကောင်စီ ဥက္ကဋ္ဌ ချားစ်မစ်ချယ်တို့က တရုတ်ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်း၊ ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့် ဇွန် ၂၂ က တွေ့ဆုံခဲ့သော အွန်လိုင်းအစည်းအဝေးတွင် ဥရောပခေါင်းဆောင်များက တင်းမာသော သတိပေးချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ရာ ထိုဥပဒေနှင့်ပတ်သက်၍ ပေကျင်းကို ဖိအားပေးမှု အရှိန်မြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ဟောင်ကောင်တွင် ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် အမျိုးသားလုံခြုံရေး ဥပဒေလိုအပ်ကြောင်း ပြောကြားထားသည့် တရုတ်အစိုးရက နောက်ဆုတ်မည့် လက္ခဏာမရှိပေ။

“ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အာမခံချက်ရထားတဲ့ လွတ်လပ်မှုတွေနဲ့ပတ်သက်ပြီး ဟောင်ကောင်နဲ့ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းကို ပေးထားတဲ့ ကတိတွေကို လိုက်နာဖို့ တရုတ်ကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” ဟု တရုတ်နှင့် အစည်းအဝေးအပြီးတွင် ဥရောပကောင်စီ ဥက္ကဋ္ဌချားစ်မစ်ချယ်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏မှတ်ချက်များကို တုံ့ပြန်သည့်အနေနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၃ တွင် ဟောင်ကောင်နှင့် ပတ်သက်သောကိစ္စများသည် ပြည်တွင်းရေးသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပနှင့် ထိပ်သီးအစည်းအဝေးသတင်းကို ဖော်ပြခဲ့သော အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဟောင်ကောင်ကို ရည်ညွှန်းပြောကြားခြင်း မရှိဘဲ တရုတ်သမ္မတရှီသည် သူ၏နိုင်ငံကို ကြီးစိုးလွှမ်းမိုးမှုမရှိသော ငြိမ်းချမ်းရေးရရန် အလေးထားသည်ဟု ဖော်ပြခဲ့သည်။

အကြံပြုထားသော ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်အစိုးရက ပြန်လည်စဉ်းစားရန် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအဖွဲ့ ဂျီ-၇ ၏ နိုင်ငံခြားရေးဝန်ကြီးများက ပြီးခဲ့သည့်သီတင်းပတ်တွင် ပေကျင်းကို တိုက်တွန်းခဲ့သည်။

ယင်းလုံခြုံရေး ဥပဒေသည် ဟောင်ကောင်၏လွတ်လပ်ခွင့်များကို ဆုံးရှုံးစေမည်ဖြစ်ပြီး ပြည်မကြီးတွင် ကြုံတွေ့နေရသော ဖိနှိပ်မှုများကို ဟောင်ကောင်သို့ ရောက်ရှိရန် လမ်းပွင့်သွားမည်ဟု စိုးရိမ်နေကြသည်။

အမျိုးသားလုံခြုံရေး ဥပဒေသည် ပေကျင်းက အပြည်ပြည်ဆိုင်ရာကို ပေးထားသော ကတိကဝတ်များအား ချိုးဖောက်ခြင်းဟု ဥရောပသမဂ္ဂက ယုံကြည်ကြောင်း တရုတ်ကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌအာဆူလာ ဗန်ဒါလေယန်က ဂျီ-၇ ၏ကြေညာချက်ကို ပဲ့တင်ထပ်ပြောကြားခဲ့သည်။

“အမျိုးသားလုံခြုံရေးဥပဒေက တစ်နိုင်ငံ စနစ်နှစ်မျိုးမူကို ဆိုးဆိုးရွားရွား ထိပါးစေနိုင်ပါတယ်၊ ပြီးတော့ ရှိဆဲအတိုင်း ကျွန်မတို့ မြင်လိုတဲ့ ဟောင်ကောင်ရဲ့ကြီးမားတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်ပါတယ်” ဟု ဗန်ဒါလေယန်က ပြောကြားခဲ့သည်။ ဟောင်ကောင်သည် ပြည်မကြီးနှင့်မတူဘဲ လွတ်လပ်နေသောကြောင့် စီးပွားရေးတွင် အောင်မြင်မှုများ ရရှိနေခြင်းဖြစ်သည်ဟု တရုတ်ခေါင်းဆောင်များကို သတိပေးခဲ့ကြောင်း ဗန်ဒါလေယန်က ပြောခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်ကို ပြည်မကြီးသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့စဉ်က တစ်နိုင်ငံ စနစ်နှစ်မျိုးမူကို သဘောတူခဲ့ပြီး ၂၀၄၇ ခုနှစ် မတိုင်မီ ဟောင်ကောင်၏လွတ်လပ်မှုများကို ထိန်းသိမ်းထားရန် ပေကျင်းက ကတိပြုထားခဲ့သည်။

 

Most Read

Most Recent