ကပ်ရောဂါအရှိန်မြင့်တက်နေဆဲဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ကိုးသန်းအထိ ရှိလာခဲ့သည်။
ဥရောပတွင် Lockdown ချထားမှုများကို ပြီးခဲ့သည့် သီတင်းပတ်များတွင် တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့ပြီး ပြင်သစ်တွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် အကြီးမားဆုံး ဆောင်ရွက်ချက်တစ်ခုအဖြစ်ဇွန် ၂၂ ရက်တွင် သန်းနှင့်ချီသော ကလေးများကို ကျောင်းပြန်တက်ခွင့်ပေးခဲ့သည်။ ထောင်နှင့်ချီသည့် ပြင်သစ်နိုင်ငံသားများသည် Lockdown အလွန်တွင် ပထမဆုံးပြုလုပ်မည့် ဂီတပွဲတော် တစ်ခုအတွက် ဇွန် ၂၂ ရက်တွင် လမ်းများတွင် ပါတီပွဲပြုလုပ်ပြီး ကခုန်ခဲ့ကြသည်။ အများစုကမူ အာဏာပိုင်များသည် စည်းကမ်း လျော့ရဲလွန်းသည်ဟု သုံးသပ်ခဲ့သည်။ ပြင်သစ်တွင် ရေကူးကန်များနှင့် ရုပ်ရှင်ရုံများလည်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။
ဗြိတိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းခဲ့သောကြောင့် Lockdown ဖြေလျှော့မှု နောက်တစ်ဆင့်အဖြစ် ရုပ်ရှင်ရုံများ၊ ပြတိုက်များနှင့် ပန်းချီပြခန်းများကို ဇူလိုင် ၄ ရက် မတိုင်မီ ဖွင့်လှစ်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သို့သော် လက်တင်အမေရိကနှင့် တောင်အာရှပါဝင်သည့် ကမ္ဘာ့နိုင်ငံများတွင် ကပ်ရောဂါ၏ အစွမ်းကုန်ဖိစီးမှုသည် အစပြုနေဆဲဖြစ်ပြီး အခြားဒေသများတွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းကို ကြုံတွေ့နေရသည်။
“ကပ်ရောဂါက အရှိန်မြင့်တက်နေတုန်းပါပဲ” ဟု ယူအေအီးကစီစဉ်သည့် အွန်လိုင်းကျန်းမာရေး ဆွေးနွေးပွဲတွင် WHO ၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
လူ ၄၇၀၀၀၀ ကျော် သေဆုံးစေခဲ့ပြီဖြစ်သော ဗိုင်းရပ်စ်အပြင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ခေါင်းဆောင်မှု မရှိမှုတို့သည် ကမ္ဘာတွင် ကြုံတွေ့နေရသည့် အကြီးမားဆုံးခြိမ်းခြောက်မှုဟု Tedros က ဆိုသည်။
ဗိုင်းရပ်စ်ခြိမ်းခြောက်မှုကို အကြိမ်ကြိမ် လျှော့တွက်ခဲ့သည့် နိုင်ငံခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ဗိုင်းရပ်စ်ကို မပြောပလောက်သည့် တုပ်ကွေးနှင့် နှိုင်းယှဉ်ခဲ့ပြီး ပိတ်ဆို့မှုများကြောင့် စီးပွားရေးအကျိုးသက်ရောက်မှုသည် ဗိုင်းရပ်စ်ကူးစက်မှုထက် ပိုမိုဆိုးရွားသည်ဟု ပြောကြားခဲ့သည်။
ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိသည်ဟု အတည်ပြုခဲ့သော်လည်း အမှန်တကယ် သေဆုံးသည့် ပမာဏသည် ပိုမိုမြင့်မားနိုင်သည်ဟု ပညာရှင်များက ယူဆခဲ့သည်။
ဘရာဇီးသည် အမေရိကန်ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့်လူ ၁၂၀၀၀၀ ဦး စံချိန်တင်သေဆုံးခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်၏ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းမှုသည် တသမတ်တည်းမဟုတ်သော ပရမ်းပတာအခြေအနေအဖြစ် ဝေဖန်ခံခဲ့ရသည်။
အိုကလာဟိုးမားတွင် ထရန့်အတွက် အငြင်းပွားဖွယ်သီတင်းပတ်ကုန်စုဝေးမှုကို စီစဉ်ရန် ကူညီပေးခဲ့သည့် ၎င်း၏အဖွဲ့မှ အဖွဲ့ဝင် နှစ်ဦးထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၀၀၀၀ ကျော်ရှိနိုင်သည်ဟု ၎င်းက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကို၊ ပီရူး၊ချီလီနှင့် အာဂျင်တီးနား နိုင်ငံတို့တွင်လည်း အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်သည်။ မက္ကဆီကိုတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀၀ ကျော် ရှိလာခဲ့ပြီးနောက် စီးပွားရေးပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်များကို ရွှေ့ဆိုင်းရန် ဖိအားပေးခံနေရသည်။
ကာကွယ်ဆေးရရှိရန် အလှမ်းဝေးနေမှုကြောင့် WHO က အသက်ကယ်တင်ရန် အလားအလာရှိသည်ဟု ပြသသော Steroid Dexamethasone ဆေးထုတ်လုပ်မှုကို မြန်မြန်ဆန်ဆန်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
ဆော်ဒီအာရေဗျတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် နှစ်စဉ်ပြုလုပ်သည့် Hajj တမ်းဓလေ့အတွက် ဝတ်ပြုခရီးလာရောက်သူအရေအတွက်ကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာတစ်ဝန်းမှ လာရောက်သည့် ဝတ်ပြုခရီးသွား ၂.၅ သန်းကျော် ရှိခဲ့သည်။ အစ္စလာမ္မစ်ဝတ်ပြုခရီး (သို့မဟုတ်) Hajj အတွက် အပြည်ပြည်ဆိုင်ရာမှ လာရောက် မည့်သူများကို ပိတ်ပင်ထားပြီး နိုင်ငံအတွင်းရှိနေသူများကိုသာ အကန့်အသတ်ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း ဆော်ဒီအာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်၊ ဂျာမနီ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင်တစ်ကျော့ပြန် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရပြီး အချို့နိုင်ငံများတွင် ထိန်းချုပ်ကန့်သတ်သည့် စီမံချက်များကို ပြန်လည်ချမှတ်ခဲ့သည်။















