မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ တရားစွဲဆိုထားသည့် သရုပ်ဆောင်မင်းရာဇာအမှုနှင့် ၎င်း၏ ယောက္ခမဖြစ်သူအမှုကို တရားလိုဘက်က အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားမှုအား ပယ်ချသည်ဟု တရားရုံးက အမိန့်ချမှတ်ကြောင်း ဇွန် ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးအောင်နေမျိုး၏ ပြောကြားချက်အရ သိရသည်။
“ ဒီနေ့ရုံးပြောင်းလျှောက်ထားမှုကို ခွင့် ပြု မပြု အမိန့်ချမှုအခြေအနေကတော့ ရုံးပြောင်းလျှောက်ထားမှုမှာ နှစ်မှုတင်တာပေါ့နော်။ ကျွန်တော်တို့ ရာဇဝတ်အထွေထွေမှု နှစ်မှုနဲ့ လျှောက်ထားခဲ့တာပေါ့။ အဲဒီတော့ နှစ်မှုစလုံးကို ခွင့်မပြုဘူး။ ပယ်တဲ့အမိန့်ချမှတ်ခဲ့တယ်။ ဒါကြောင့် ပေါင်းစစ်ဖို့မရှိဘူး။ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာပဲ ပြန်စစ်မယ်” ဟု ဦးအောင်နေမျိုးက ပြောကြားသည်။
တရားလိုဘက်မှ မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည့် သရုပ်ဆောင်မင်းရာဇာ အမှုအပါအဝင် ၎င်း၏ယောက္ခမဖြစ်သူအမှုနှင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲထားသည့် ပုဒ်မ ၃၇၆ အမှုကို တပေါင်းတည်း စစ်ဆေးမှုပြုရန်အတွက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။
အိမ်အကူမိန်းကလေးအား အက်စစ်ဖြင့်ပက်သည်ဟုဆိုကာ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်မင်းရာဇာ အပါအဝင် လေးဦးကို မေ ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ၎င်းရုံးချိန်းတွင် သရုပ်ဆောင်မင်းရာဇာ၊ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယာဉ်မောင်းဖြစ်သူ ရခိုင်လေးတို့ကို ပုဒ်မ ၃၂၆/၃၄ ဖြင့်တရားစွဲဆိုခဲ့ကာ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးအား ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် တရားစွဲဆိုခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် သားမယားအဖြစ်ပြုကျင့်မှု ကျူးလွန်သည်ဟုဆိုကာ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်မင်းရာဇာကို ဧပြီ ၂၄ ရက်က တာမွေမြို့နယ်တရားရုံးတွင် ပုဒ်မ ၃၇၆ ဖြင့် ချုပ်ရက် ရမန်ပေးလိုက်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် မေ ၈ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ သရုပ်ဆောင်မင်းရာဇာ၏အိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်သည့် မိန်းကလေး၏ မိခင်သည် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သရုပ်ဆောင်မင်းရာဇာ၏ ဇနီးတင်ထားသည့် လူမှုရေး ဖောက်ပြန်သည်ဟုဆိုကာ မေးမြန်းထားသည့် အသံဖိုင်အား ကြားသိရသဖြင့် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းခဲ့ရာ မင်းရာဇာနှင့် ၎င်း၏ဇနီးတို့မှာ အိမ်အကူမိန်းကလေး နေထိုင်နေသည့် ရွှေပေါက္ကံရှိနေအိမ်သို့ ရောက်ရှိလာပြီး ဘောင်းဘီချွတ်ကာ အက်စစ်ဖြင့် ပက်သဖြင့် ဒဏ်ရာရရှိကာ မြောက်ဥက္ကလာပဆေးရုံ၊ သားဖွားမီးယပ်ဆောင် (၂) တွင် ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ယင်းသို့ အက်စစ်ဖြင့် လာမပက်မီ နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ယောက္ခမဖြစ်သူက ဦးခေါင်းကို တူဖြင့်ထုသည့်အတွက် သွေးထွက်ဒဏ်ရာများ ရရှိသည်ဟု သမီးဖြစ်သူ၏ ပြောကြားချက်ရ မိခင်ဖြစ်သူက သိရှိခဲ့ရသည်။
အဆိုပါကဲ့သို့ မေးမြန်းသိရှိရသဖြင့် မိခင်ဖြစ်သူက ရွှေပေါက္ကံနယ်မြေရဲစခန်းသို့ သွားရောက်ကာ တိုင်တန်းခဲ့ပြီး ရဲစခန်းက မင်းရာဇာ၊ ၎င်း၏ ဇနီးနှင့် ယောက္ခမဖြစ်သူတို့ကို (ပ) ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၄/ ၃၂၅/ ၃၅၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။















