တောင်ကိုရီးယားတွင် လူဦးရေထူထပ်သော မြို့တော်တစ်ဝိုက်၌ ပြီးခဲ့သောမေတွင် အားလပ်ရက်မှ စတင်ခဲ့သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ကြုံတွေ့နေရကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇွန် ၂၂ တွင် ပထမဆုံးအကြိမ် ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ကူးစက်မှုပထမလှိုင်းသည် အမှန်တကယ် အဆုံးမသတ်ခဲ့ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာ KCDC က ယခင်က ထုတ်ပြန်ခဲ့သည်။ သို့သော် မေ အစောပိုင်းတွင် သီတင်းပတ်ကုန် အားလပ်ရက်တစ်ရက်မှ စတင်၍ ပိုမိုကျယ်ပြန့်သော မြို့တော်ဆိုးလ်တစ်ဝိုက်တွင် ကူးစက်မှုလှိုင်းသစ် စတင်ဖြစ်ပွားမှုသည် ရှင်းလင်းသိသာလာကြောင်း KCDC ညွှန်ကြားရေးမှူး Jeong Eun-Kyeong က ဇွန် ၂၂ တွင် ပြောကြားခဲ့သည်။
မြို့ကြီးဧရိယာတွင် ဖေဖော်ဝါရီမှ မတ်အထိနှင့် မတ်မှဧပြီအထိ ဗိုင်းရပ်စ်ကူးစက်မှု ပထမလှိုင်းရှိခဲ့သည်ဟု ယုံကြည်ကြောင်း ယင်းနောက် မေအားလပ်ရက်မှအစပြု၍ ကူးစက်မှု ဒုတိယလှိုင်း အစပျိုးခဲ့သည်ကို တွေ့ခဲ့ရကြောင်း Jeong က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလကုန်ပိုင်း၌ တောင်ကိုရီးယားတွင် တစ်နေ့လျှင် ဗိုင်းရပ်စ်ကူးစက်သူသစ် ၉၀၀ ကျော်အထိ ရှိခဲ့ပြီး အထွတ်အထိပ် ရောက်ရှိခဲ့ကာ တရုတ်ပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးအကြိမ် မြင့်မားမှု ကြုံတွေ့ခဲ့ရသည်။
သို့သော် ရောဂါရှိသူများအား ခြေရာခံမှုနှင့် စစ်ဆေးမှုတို့ကို အဆက်မပြတ် လုပ်ဆောင်ခြင်းတို့ကြောင့် ဧပြီနှောင်းပိုင်းမတိုင်မီ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်သူသစ် အရေအတွက်သည် ၁၀ ဦးအောက်သို့ ကျဆင်းခဲ့သည်။
သို့သော် မေအစောပိုင်းတွင် အစိုးရက လူအချင်းချင်း ခွာခွာကင်းကင်းနေရေး ညွှန်ကြားချက်များအား ဖြေလျှော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် သီတင်းပတ်ကုန် အားလပ်ရက်၌ ဆိုးလ်မြို့ရှိ နိုက်ကလပ်များနှင့် ဘားများသို့ သွားရောက်ခဲ့ကြသည့် လူငယ်များအကြား ကူးစက်မှုများကြောင့် အပါအဝင် ကူးစက်သူသစ် အရေအတွက် ရုတ်တရက် ပြန်လည်မြင့်တက်ခဲ့သည်။
ကူးစက်မှု ဒုတိယလှိုင်းသည် ဆောင်းဦး သို့မဟုတ် ဆောင်းရာသီတွင် ဖြစ်ပွားမည်ဟု မိမိတို့က ကနဦးတွင် ခန့်မှန်းခဲ့ကြောင်း Jeong က ပြောကြားခဲ့သည်။
သို့သော် လူအချင်းချင်း အနီးကပ်နေထိုင်နေကြသရွေ့ ကူးစက်မှုသစ်များ ဆက်လက်ဖြစ်ပွားမည်ဟု ယုံကြည်ပြီး မိမိတို့၏ ထိုခန့်မှန်းချက်သည် မှားယွင်းသွားလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ဇွန် ၂၁ ညသန်းခေါင်အထိ ကူးစက်မှုသစ် ၁၇ ဦး ရှိခဲ့ရာ တစ်လနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်ကူးစက်သူသစ် အရေအတွက်သည် ၂၀ အောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဇွန် ၁၉ နှင့် ၂၀ တို့တွင် ကူးစက်သူသစ် ၄၈ ဦးနှင့် ၆၇ ဦးရှိခဲ့သည်။ တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄၃၈ ဦးအနက် ၂၈၀ သေဆုံးခဲ့သည်။
မြို့တော်တစ်ဝိုက်ဧရိယာတွင် အစုလိုက်ကူးစက်မှုသစ်များ ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်ကူးစက်သူသစ် ၁၀ ဦးအောက်သို့ ကျဆင်းသည့်အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ရေဆိုးထုတ်စနစ်ဆိုင်ရာ လမ်းညွှန်ချက်များအား သက်တမ်းတိုးသွားမည်ဟု ကျန်းမာရေးဝန်ကြီးကလည်း ဇွန် ၁၂ တွင် သတိပေးထားခဲ့သည်။
တောင်ကိုရီးယားတွင် မေ ၂၉ နောက်ပိုင်း နိုက်ကလပ်များနှင့် ဘာများကဲ့သို့သော ကူးစက်မှုမြင့်မားသည့် နေရာအမျိုးအစား ၈ ခုသို့ သွားလာသူများအား မှတ်တမ်းတင်ရန်နှင့် လူစုလူဝေးကို ကန့်သတ်ရန် စည်းကမ်းသတ်မှတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Park Neung-hoo က ပြောကြားခဲ့သည်။















