ဥရောပအင်အားကြီးနိုင်ငံများ ဖြစ်ကြသော ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့က အီရန်အား လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းကို ကုလသမဂ္ဂ၏သက်တမ်းတိုးမှုအား ထောက်ခံရန် ဇွန် ၁၉ တွင် ဆုံးဖြတ်ခဲ့ပြီး အီရန်အပေါ် ရပ်တည်ချက် တင်းမာခဲ့သည်။ သို့သော် အထင်ကရ အီရန်နျူကလီးယား သဘောတူညီချက် ဆက်လက်တည်မြဲနေရေးအတွက် တီဟီရန်အား အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကိုမူ ၎င်းတို့က ဆန့်ကျင်ခဲ့သည်။
လက်နက်များ ရောင်းဝယ်မှုပိတ်ပင်ခြင်းအား ရုပ်သိမ်းရန်နှင့်ပတ်သက်၍ မိမိတို့က သံသယရှိနေကြောင်း နျူကလီးယား သဘောတူညီချက်တွင် လက်မှတ်ထိုးမှု၌ ပါဝင်ခဲ့သော ထိုဥရောပသုံးနိုင်ငံက ထုတ်ပြန်ခဲ့သဖြင့် ထိုကန့်သတ်မှုများအား အဆုံးသတ်ရန် တောင်းဆိုနေသောအီရန်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။
၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်အား ဝေဖန်ခဲ့ပြီး နိုင်ငံထဲရှိ နျူကလီးယားစက်ရုံနေရာ နှစ်ခုကို စစ်ဆေးမှုများ ထပ်မံခွင့်ပြုရန် တောင်းဆိုသည့်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်သည့်အဖွဲ့က ဇွန် ၁၉ တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဥရောပနိုင်ငံသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဝင် တင့်ကားများ၊ တိုက်ခိုက်ရေး လေယာဉ်များ၊ စစ်သင်္ဘောများ၊ ဒုံးကျည်များ သို့မဟုတ် ဒုံးစနစ်များကဲ့သို့ လက်နက်များ ဝယ်ယူမှုကို အီရန်အား ပိတ်ပင်မှုသည် လာမည့်အောက်တိုဘာမှစ၍ ဖြေလျှော့သွားရန် ယခင်က စီစဉ်ထားခဲ့သည်။
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အမှတ် ၂၂၃၁ အရ ချမှတ်ခဲ့သော သမားရိုးကျ လက်နက်များ ရောင်းဝယ်မှု ပိတ်ပင်ခြင်းအား လာမည့်အောက်တိုဘာတွင် ရုပ်သိမ်းရန်စီစဉ်ထားမှုသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဂယက်ရိုက်ခတ်မှုရှိနိုင်သည်ဟု မိမိတို့က ယုံကြည်ကြောင်း ဥရောပနိုင်ငံသုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့သည်။
သို့သော် မိမိတို့သည် အထင်ကရ နျူကလီးယားသဘောတူညီချက် တည်မြဲစေရန် ဆက်လက်ကတိပြုသွားမည်ဖြစ်ပြီး အီရန်အား ပိတ်ဆို့အရေးယူမှုများချမှတ်၍ ဖိအား အမြင့်ဆုံးပေးသည့် ၀ါရှင်တန်၏နည်းလမ်းများကိုလည်း ဆန့်ကျင်ကြောင်း ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်းအား သက်တမ်းတိုးရန် အမေရိကန်၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုအား ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆန့်ကျင်ကြရန် အီရန်သမ္မတ ဟက်ဆန်ရူဟာနီက ယခုလအစောပိုင်းတွင် တိုက်တွန်းခဲ့သည်။
ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သော ဥရောပသုံးနိုင်ငံက လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်းဆိုင်ရာကိစ္စကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ရုရှား၊ တရုတ်တို့နှင့် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ဥရောပနိုင်ငံများက တင်သွင်းခဲ့သော ဆုံးဖြတ်ချက်ကို ဇွန် ၁၉ အစောပိုင်းတွင် အတည်ပြုခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) က အီရန်တွင် ၂၀၀၀ ပြည့်လွန်နှစ်အစောပိုင်းကာလ၌ ကြေညာထားခြင်းမရှိသော နျူကလီးယားစီမံကိန်းများ ရှိနေခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ရေးအတွက် တီဟီရန်၏ နေရာနှစ်ခုကို စုံစမ်းစစ်ဆေးသူများအား ဝင်ရောက်ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ၎င်းတို့နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် တောင်းဆိုထားသော နေရာများအား ဝင်ရောက်စစ်ဆေးခွင့်ပြုခြင်း အပါအဝင် ၎င်းတို့၏ တောင်းဆိုမှုများအား မကြန့်ကြာစေဘဲ ဖြည့်ဆည်းပေးရန်လည်း IAEA က တောင်းဆိုခဲ့သည်။ အီရန်သည် ထိုနေရာများသို့ စစ်ဆေးသူများ ဝင်ရောက်ခွင့်ကို လနှင့်ချီ ပိတ်ပင်ထားခဲ့သည်။















