ဟောင်ကောင်တွင် ပေကျင်းက လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းလျှင် ဥရောပသမဂ္ဂက တရုတ်အား အိုင်စီဂျေတွင် တရားစွဲသင့်ကြောင်း ဥရောပပါလီမန် တိုက်တွန်း

ဟောင်ကောင်တွင် ပေကျင်းက လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းလျှင် ဥရောပသမဂ္ဂက တရုတ်အား အိုင်စီဂျေတွင် တရားစွဲသင့်ကြောင်း ဥရောပပါလီမန် တိုက်တွန်း
ဟောင်ကောင်တွင် ကလေးအဝတ်အထည်စတိုးတစ်ခု၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြမှု သင်္ကေတရုပ်တုရှေ့တွင် ကလေးတစ်ဦးက ဇွန် ၁၈ ၌ ဓာတ်ပုံရိုက်နေစဉ် (Photo:AP)
ဟောင်ကောင်တွင် ကလေးအဝတ်အထည်စတိုးတစ်ခု၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြမှု သင်္ကေတရုပ်တုရှေ့တွင် ကလေးတစ်ဦးက ဇွန် ၁၈ ၌ ဓာတ်ပုံရိုက်နေစဉ် (Photo:AP)
Published 20 June 2020
Ref:AFP,Reuters

ဟောင်ကောင်တွင် ပေကျင်းက လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းခဲ့လျှင် ဥရောပသမဂ္ဂအနေဖြင့် တရုတ်အား သည်ဟိဂ်၏ International Court of Justice (ICJ) တွင် တရားစွဲဆိုသင့်ကြောင်း ဥရောပပါလီမန်က ဇွန် ၁၉ တွင် တိုက်တွန်းခဲ့သည်။ တရုတ်အား ယင်းကဲ့သို့ မလုပ်ဆောင်စေရေး ဥရောပသမဂ္ဂက စီးပွားရေးဆိုင်ရာ ဖိအားပေးမှု အသုံးပြုရန်လည်း ထိုပါလီမန်က တိုက်တွန်းခဲ့သည်။

ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ အဆင့်အတန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဗဟိုချက် အခန်းကဏ္ဍကို ထိခိုက်စေမည်ဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၊ သံတမန်များနှင့် လုပ်ငန်းအချို့တို့က ထောက်ပြခဲ့ကြသော ထိုလုံခြုံရေး ဥပဒေသစ်နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထုတ်ပြန်ထားကြပြီးဖြစ်သည်။

တရုတ်၏ ထိုလုံခြုံရေးဥပဒေသစ်အား ဆန့်ကျင်ကြောင်း ဆုံးဖြတ်ချက်ကို ဥရောပပါလီမန်တွင် မဲခွဲခဲ့ရာ ထောက်ခံမဲ ၅၆၅ မဲ၊ ကန့်ကွက်မဲ ၃၄ မဲနှင့် ပျက်ကွက်မဲ ၆၂ မဲဖြင့် အတည်ပြုခဲ့သည်။

ထိုလုံခြုံရေးဥပဒေသစ်သည် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ကြီးကြပ်သော တရုတ်၏  ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ မူဘောင်ကို အားလျော့စေမည်ဖြစ်ကြောင်း ဥရောပ၊ သြစတြေးလျနှင့် အမေရိကန်တို့က ထုတ်ပြန်ခဲ့ကြသည်။

ထိုလုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့လျှင် တရုတ်အား ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများက ICJ တွင် တရားစွဲဆိုသင့်ကြောင်း ဥရောပပါလီမန်က ထိုဆုံးဖြတ်ချက်တွင် တိုက်တွန်းခဲ့သည်။

ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမည် မဟုတ်သော ထိုဆုံးဖြတ်ချက်က ဥရောပသမဂ္ဂသည် တရုတ်အား ဖြစ်နိုင်ခြေရှိသော စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်လည်း တိုက်တွန်းခဲ့သည်။ ဥရောပသမဂ္ဂသည် လူ့အခွင့်အရေးအား ဖိနှိပ်နေသော တရုတ်ကို စိန်ခေါ်ရန်အတွက် စီးပွားရေးဆိုင်ရာ ဖိအားပေးမှုကို အသုံးချသင့်ကြောင်း ဥရောပပါလီမန်က တိုက်တွန်းခဲ့သည်။ ဥရောပအင်စတီကျု့များ၏ ခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့သည် ဇွန် ၂၂ တွင် ဗီဒီယိုကွန်ဖရင့်ပြုလုပ်၍ ဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပနိုင်ငံများသည် တရုတ်အား လက်သင့်ခံယုံကြည်လျက် ဒီမိုကရေစီစနစ်ကို စွန့်လွှတ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇွန် ၁၉ တွင် သတိပေးခဲ့ရာ တရုတ်ထိပ်တန်းသံတမန် တစ်ဦးနှင့် ဆွေးနွေးခဲ့အပြီး နှစ်ရက်အကြာတွင် ၎င်းက တရုတ်အား ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ခြင်း ဖြစ်သည်။

မိမိတို့ မည်သူမည်ဝါများဖြစ်ကြောင်း မစွန့်လွှတ်ဘဲ ထိုအခြားရွေးချယ်စရာများအား ခွ၍ နေရန်လည်း မဖြစ်နိုင်ကြောင်း၊ အာဏာရှင်များအား မှီခိုနေသော ဒီမိုကရေစီများသည် အမည်အားဖြင့် မထိုက်တန်ကြောင်း ပွန်ပီယိုက ဒိန်းမတ်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသောဖိုရမ်၌ ပြောကြားခဲ့သည်။

ယင်းသည် အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာမှုမြင့်တက်လာနေစဉ် ပွန်ပီယိုက တရုတ်ထိပ်တန်းသံတမန် ယန်ကျဲချိနှင့် ဟာဝိုင်ယီတွင် ဇွန် ၁၇ ၌ ကိုးနာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း ပွန်ပီယိုက တရုတ်အပေါ် ၎င်း၏တင်းမာသော သဘောထားများသည် အပြောင်းအလဲမရှိခဲ့ဘဲ တရုတ်သည် ကမ္ဘာ့အဆင့်တွင် ဆိုးယုတ်သောနိုင်ငံဖြစ်ကြောင်း ၎င်းက ခေါ်ဆိုခဲ့သည်။

တရုတ်အစိုးရပိုင် လုပ်ငန်းကြီးများထံမှ ရင်းနှီးမြှုပ်နှံမှုအားလုံးကို သံသယဖြင့် စောင့်ကြည့်သင့်ကြောင်း၊ တရုတ်နှင့် စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုများအား မျက်ကွယ်ပြုထားမှုကို ဖယ်ရှားရမည်ဖြစ်ပြီး တရုတ်၏စိန်ခေါ်မှုများသည် ဂိတ်ပေါက်ဝများတွင် မဟုတ်တော့ဘဲ မြို့ကြီးများတိုင်းတွင် ရှိနေမှုကို ကြည့်ရမည်ဖြစ်ကြောင်း ပွန်ပီယိုက သတိပေးခဲ့သည်။

ဟောင်ကောင်မှ ထွက်ပြေးရန်ကြိုးစားသူများအား ကူညီမည့် ထိုင်ဝမ်၏အစီအစဉ်ကို တရုတ်အစိုးရက ရှုတ်ချခဲ့ပြီး ထိုကာကွယ်ပေးမည့်အစီအစဉ်သည် ထိုင်ဝမ်ပြည်သူများကိုသာ ထိခိုက်နစ်နာစေမည်ဖြစ်ပြီး ယင်းသည် ဟောင်ကောင်အရေးကို ကြားဝင်စွက်ဖက်မှုတစ်ခုဖြစ်ကြောင်းလည်း တရုတ်က ထုတ်ပြန်ခဲ့သည်။

ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်တွင် လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းရန်အပါအဝင် ထိန်းချုပ်ရန်ကြိုးပမ်းမှုကို တရုတ်က အရှိန်မြှင့်လာနေစဉ် ဟောင်ကောင်မှထွက်ခွာရန် စဉ်းစားနေသူများအား ကူညီပေးမည့်ရုံး တစ်ရုံးကို ထူထောင်ပေးသွားမည်ဟု ထိုင်ဝမ် က ဇွန် ၁၈ တွင် ထုတ်ပြန်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်အား တရုတ်ထံ လွှဲပေးခဲ့သည့်နေ့ဖြစ်သော ဇူလိုင် ၁ တွင် ထိုရုံးသစ်ကို စတင်လည်ပတ်မည်ဟု ထိုင်ဝမ်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent