တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်ထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်း

တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်ထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်း
ဓါတ်ပုံ - ပြည့်စုံ (မူဆယ်)
ဓါတ်ပုံ - ပြည့်စုံ (မူဆယ်)
Published 19 June 2020
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြန်မာ - တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေး နန်းတော်ဂိတ်၌ ဇွန်လ ၁၉ ရက် (ယနေ့) နေ့လယ် ၁၂ နာရီခန့်က တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်းထောင် မှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရသူ မြန်မာနိုင်ငံသား ၁၀၅ ဦးကို တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။

 

တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်ထောင်မှ ပြန်လည်လွှဲပြောင်းလာသော အမျိုးသမီး ၄၇ ဦး အမျိုးသား ၅၈ဦး စုစုပေါင်း၁၀၅ ဦး ကို တရုတ်နိုင်ငံ ရွှေလီမြို့ ရွှေလီရဲဌာန၊နိုင်ငံတကာပူးပေါင်းဆောင်ရွတ်ရေးဌာန မစ္စတာလျိုယန်ဖူးက လွှဲပြောင်းပေးအပ်ခဲ့ရာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဌာနက faver surveillance လုပ်ငန်းများပြုလုပ်ခဲ့ပြီး လူဝင်မှု့ကြီးကြပ်ရေးဌာနခွဲ (မူဆယ်) မှ လူဝင်မှု့ကြီးကြပ်ရေးမှူး ဦးကျော်နိုင်မြင့် က စနစ်တကျလက်ခံခဲ့သည်။

 

အဆိုပါပြန်လည်လွှဲပြောင်းလာသူ ၁၀၅ ဦးတို့သည် မြန်မာနိုင်ငံ အနှံအပြားမှ တရုတ်နိုင်ငံသို့ သွားရောက်၍ နယ်ပယ်အသီးသီးတွင် အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခံရသူများဖြစ်ကာ တရုတ်နိုင်ငံ အတွင်း COVID-19 ရောဂါ ဖြစ်ပွားစဉ် မြန်မာနိုင်ငံက ထုတ်ပေးသော Border Pass စာအုပ်အနီတွင် ဝင်ထွက် တံဆိတ်တုံး ရက်ကျော်မှု ၊ နယ်မြေကျော်သွားလွန်သွားလာမှု နှင့် အခြားအကြောင်းအမျိုးမျိုးတို့ဖြင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

 

ထို့ပြင် တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား တစ်ထောင် ကျော် ကျန်ရှိနေသေးကြောင်း စီကိုင်ကျဉ်းထောင်မှ ပြန်လာသူများထံက သိရှိရသည်။

 

အဆိုပါပြန်လည်လွှဲပြောင်းလာသူများအား သဒ္ဒါဖြူစင် ပရဟိတအသင်းက ထမင်းနှင့်ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံမှ ပြန်လည်လွှဲပြောင်းလာသူများ ထားရှိရာ လွယ်တိန်ခမ်းတောင် ပ ဉ္စဝဂ္ဂီဓမ္မာရုံသို့ ပရဟိတအသင်းမှ ကားများဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

၎င်းတို့ကို မူဆယ်မြို့၌ တစ်ရက်ထားရှိမည်ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း မူဆယ်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်ချုပ်ကုသရေး ၊ပို့ဆောင်ရေးဆပ်ကော်မတီမှသိရသည်။

 

ယခုအခါ တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်ရှိသူများအပ ကျန်မြန်မာနိုင်ငံသားများကို စာအုပ် ရက်ကျော်နေပါကလည်း ပြန်လည်ထွက်ခွါခွင့် ပြုလျက်ရှိပြီး၊နေထိုင်ခွင့်မရှိသူများအား တွေ့ရှိပါက တရုတ်နိုင်ငံ လဝက ဥပဒေအရ ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံအကျဉ်းထောင်အသီးသီက မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ် ပြီး ယခုအခါ မိမိဆန္ဒအလျောက်ပြန်ဝင်လာသူများမှာ လျော့နည်းလာကာ နေ့စဉ် တစ်ရာနီးပါသာ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

 

 

 

 

Most Read

Most Recent