မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်အချို့ ခရီးသွားလုပ်ငန်းကဏ္ဍ၌ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် Bell 505 ရဟတ်ယာဉ်အား ဝယ်ယူရန် စိတ်ဝင်စားမှု ရှိနေ

မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်အချို့ ခရီးသွားလုပ်ငန်းကဏ္ဍ၌ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် Bell 505 ရဟတ်ယာဉ်အား ဝယ်ယူရန် စိတ်ဝင်စားမှု ရှိနေ
Bell 505 ရဟတ်ယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ပြသစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Bell 505 ရဟတ်ယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ပြသစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Published 17 October 2018
  ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်အချို့ ခရီးသွားလုပ်ငန်းကဏ္ဍ၌ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် Bell 505 ရဟတ်ယာဉ်အား ဝယ်ယူရန် စိတ်ဝင်စားမှုများရှိနေကြောင်း သိရသည်။

Bell 505 ရဟတ်ယာဉ်မှာ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် ငါးယောက်စီး ရဟတ်ယာဉ် အမျိုးအစားဖြစ်သည့်အတွက် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတွင် ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Bell 505 ရဟတ်ယာဉ်အား မြန်မာနိုင်ငံရှိ  လေကြောင်းဝန်ဆောင်မှုနှင့် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည့် Amata Aviation မှ ဝယ်ယူ၍ ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Bell 505 ရဟတ်ယာဉ် အမျိုးအစားအား ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ စျေးကွက်မိတ်ဆက်ခြင်းကို အောက်တိုဘာလဆန်းပိုင်းက လာရောက် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Bell 505 ရဟတ်ယာဉ် သရုပ်ပြပျံသန်းခြင်းကို အောက်တိုဘာ ၁ ရက်၊ ၂ ရက်နှင့် ၅ ရက်နေ့များတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း၊ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း သရုပ်ပြပျံသန်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် မြန်မာပြည်က နယ်ပယ်အသီးသီးမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ အခုလို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာတာနဲ့အလျောက် အနာဂတ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့က ဝယ်ယူဖို့ စိတ်ဝင်စားမှု ရှိတာကြောင့် အခုလို လာရောက်ရောင်းချရခြင်း ဖြစ်ပါတယ်” ဟု အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Business Development Manager Mr Eric Ng က ပြောကြားသည်။

Bell 505 ရဟတ်ယာဉ် အမျိုးအစားမှာ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် ငါးယောက်စီး ရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်းများတွင် ဝယ်ယူ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

Bell 505 ရဟတ်ယာဉ် အမျိုးအစားသည် ခရီးသည်သယ်ယူပို့ဆောင်ရေးအား ရည်ရွယ်ကာ သီးသန့်ထုတ်လုပ်ထားခြင်း ဖြစ်သောကြောင့် ထိုင်ခုံနေရာများမှာ ရှေ့သို့သာ မျက်နှာမူထားပြီး စီးနင်းလိုက်ပါသော ခရီးသည်များ အနေဖြင့် ရဟတ်ယာဉ်ပျံသန်းနေစဉ်တွင် ရှုခင်းများကို ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်ခြင်း၊ ကြမ်းပြင်တစ်ညီတည်းဖြစ်ခြင်း၊ ကျယ်ပြန့်သော တံခါးများပါဝင်ခြင်းတို့ကြောင့် ခရီးသည်များအနေဖြင့် သက်သောင့်သက်သာစွာ စီးနင်းနိုင်မည်ဟု သိရသည်။

Bell ရဟတ်ယာဉ်ကုမ္ပဏီမှ ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ စျေးကွက်မိတ်ဆက်ခြင်း လာရောက်ပြုလုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ နိုင်ငံတကာမှ ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များကိုသာ သီးသန့်ဝန်ဆောင်မှုပေးနေသည့် Myanmar MJETS Business Aviation Centre မှ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။                    

Most Read

Most Recent