ကပ်ဘေးကြောင့် ဘာပေ၏တန်ဖိုး ယူရို(၁၇၇)သန်းအထိ ကျဆင်းသွားခဲ့ကြောင်း KPMG ဖော်ပြ

ကပ်ဘေးကြောင့် ဘာပေ၏တန်ဖိုး ယူရို(၁၇၇)သန်းအထိ ကျဆင်းသွားခဲ့ကြောင်း KPMG ဖော်ပြ
Published 2 June 2020

နာမည်ကျော် စာရင်းအင်းကုမ္ပဏီတစ်ခုဖြစ်သည့် KPMG က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးသမားများ၏တန်ဖိုး ကျဆင်းသွားခဲ့ကြောင်း ဖော်ပြခဲ့ပြီး PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေ၏ တန်ဖိုးမှာ ယူရို (၁၇၇)သန်းသာရှိတော့ ကြောင်း သိရသည်။

ဘာပေသည် ယခုနောက်ပိုင်းနှစ်များတွင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ဆက်တိုက်ဦးဆောင်နေသူဖြစ်ပြီး ယခင်က ၎င်း၏ စျေးကွက်တန်ဖိုးမှာ ယူရို(၂၂၅)သန်း ရှိသည်ဟု သတ်မှတ်ခံခဲ့ရသည်။

ယခုအခါ ကပ်ဘေးကြောင့် ဘောလုံးလောက၏ စျေးကွက်တန်ဖိုးများ ကျဆင်းလာသည့်အတွက် ကစားသမားများ၏တန်ဖိုးလည်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

KPMG သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဘောလုံးသမားများ၏ စျေးကွက်တန်ဖိုးကို ထုတ်ပြန်ခဲ့ရာတွင် ဘာပေကို ယူရို (၂၂၅)သန်းဟု သတ်မှတ်ခဲ့ပြီး ယခုအခါ (၁၇၇)သန်းဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဘာပေ၏တန်ဖိုးမှာ (၂၁.၅ %) အထိ ကျဆင်းသွားခဲ့ရသည်။

KPMG က ကစားသမားများ၏တန်ဖိုးကို တွက်ချက်ရာတွင် စာချုပ်သက်တမ်း၊ အသက်အရွယ်တို့ကိုသာမက လိဂ်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း ရှိ၊ မရှိဆိုသည့် အချက်ကိုလည်း ထည့်သွင်းတွက်ချက်ခဲ့သည်။

ထို့ကြောင့် ပြင်သစ်လီဂူးပြိုင်ပွဲမှ ဘာပေနှင့် နေမာတို့၏ တန်ဖိုးကျဆင်းမှုမှာ ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြင်သစ်လီဂူးပြိုင်ပွဲသာ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါက ဘာပေ၏တန်ဖိုးမှာ ယူရို (၁၈၈)သန်းရှိမည်ဖြစ်သည်။

 

Most Read

Most Recent