ဟော်လန်း၏ကန်ချက် ဘိုတန်၏တံတောင်နှင့် ထိခဲ့ခြင်းကို VAR ကြည့်ရန် ပျက်ကွက်ခဲ့သည့် ဒိုင်လူကြီး လူမှုကွန်ရက်တွင် ဝေဖန်ခံနေရ

ဟော်လန်း၏ကန်ချက် ဘိုတန်၏တံတောင်နှင့် ထိခဲ့ခြင်းကို VAR ကြည့်ရန် ပျက်ကွက်ခဲ့သည့် ဒိုင်လူကြီး လူမှုကွန်ရက်တွင် ဝေဖန်ခံနေရ
Photo: SPORTbible
Photo: SPORTbible
Published 28 May 2020

မေလ (၂၆)ရက်က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် ဒေါ့မွန် (၀-၁) ဘိုင်ယန်မြူးနစ်ပွဲတွင် ဟော်လန်း၏ကန်သွင်းချက်မှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန်၏ တံတောင်နှင့် ထိခဲ့သော်လည်း VAR ကြည့်ရန် ပျက်ကွက်ခဲ့သည့် ကွင်းလယ်ဒိုင်မှာ လူမှုကွန်ရက်တွင် ဝေဖန်မှုများ နှင့်ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဒေါ့မွန်အသင်း၏အိမ်ကွင်း Signal Iduna Park တွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်၏ ပွဲချိန် (၅၈)မိနစ်$ ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၏ကန်ချက်ကို ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန် လှဲအိပ်ပြီး ကာကွယ်ရာတွင် တံတောင်နှင့်ထိကာ လမ်းကြောင်းပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်တွင် VAR ဒိုင်လူကြီးများက ကွင်းလယ်ဒိုင်ကို အကြောင်းကြားခြင်းမရှိခဲ့သလို၊ ကွင်းလယ်ဒိုင်ဖြစ်သူ စတိုင်လာမှာလည်း VAR ကြည့်ရန် ပျက်ကွက်ခဲ့သည်။

ထို့ပြင် ဒေါ့မွန်အသင်းသားများမှာလည်း ချေပဂိုးရရန်သာ အာရုံစိုက်နေခဲ့ခြင်းကြောင့် ယင်းလက်ထိဘော နှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို တစ်စုံတစ်ရာစောဒက တက်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ပွဲအပြီးတွင် ဒေါ့မွန်အသင်းမှာ ချေပဂိုးရမည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ပြီး (၀-၁) ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော် ယင်းဖြစ်ရပ်တွင် VAR ကြည့်ရန် ပျက်ကွက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး BBC ရုပ်သံတွင် Match of the Day အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေသည့် အင်္ဂလန်တိုက်စစ်မှူး လိုင်နီကာအပါအဝင် ပရိသတ်များက လူမှုကွန်ရက်တွင် ဝေဖန်ခဲ့ကြသည်။

လိုင်နီကာသည် ၎င်း Twitter တွင် ဟော်လန်း၏ကန်ချက် ဘိုတန်၏တံတောင်နှင့်ထိပြီး ထွက်သွားသည့် ဗီဒီယိုဖိုင်ကိုဝေမျှကာ ပယ်နယ်တီမဟုတ်လား။ VAR ဘယ်ရောက်နေသနည်းဆိုသည့် မေးခွန်းမေးသည့်ပုံစံဖြင့် ''ပယ်နယ်တီ ?၊ VAR ?''ဟု ရေးတင်ခဲ့သည်။

၎င်း၏ Twitter  ပို့စ်ကို ထောက်ခံသူအလွန်များပြားခဲ့ပြီး ဒေါ့မွန်အသင်း ပယ်နယ်တီရသင့်သည်ဟု Twitter  အသုံးပြုသူများက မှတ်ချက်ပြုခဲ့သည်။

ပရိသတ်တစ်ဦးက ''ဘိုတန်အနေနဲ့ လက်ထိခဲ့ တယ်ဆိုတာ သေချာပါတယ်။ သူဟာ ဟော်လန်းရဲ့သွင်းဂိုးကို တားဆီးခဲ့တာပါ''ဟု မှတ်ချက်ပြုခဲ့သလို၊ အခြား ပရိသတ်တစ်ဦးကလည်း ''ဘိုတန်ဟာ ဟော်လန်းရဲ့ကန်ချက်ကို ဂိုးမပေးရဖို့အတွက် ရည်ရွယ်ချက်ရှိရှိ တံတောင်နဲ့ တားဆီးခဲ့တာပါ။ ဒါကို VAR တောင် ပြန်မကြည့်ခဲ့ပါဘူး''ဟု မှတ်ချက်ပြုခဲ့သည်။

အခြားပရိသတ်တစ်ဦးကမူ ဒေါ့မွန်ကွင်းအတွင်း ပရိသတ်မရှိ၍ ဖိအားပေးမည့်သူမရှိသဖြင့် VAR ပြန်ကြည့်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent