မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများအတွက် ယခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် ၁၆၂ ဒသမ ၉၆ ဘီလျံလျာထားပြီး အတိုးနှုန်းကို ငါးရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။
ယခင်က စိုက်ပျိုးစရိတ်ချေးငွေများအပေါ်တွင် ကောက်ခံသည့် အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်း သတ်မှတ်ကောက်ခံရာမှ ယခုအခါ ငါးရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများကို မိုးရာသီ စိုက်ပျိုးချေးငွေအဖြစ် စပါးတစ်ဧကလျှင် တစ်သိန်းခွဲ၊ အခြားစိုက်ပျိုးသီးနှံများ ဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြံတို့အတွက် တစ်ဧကလျှင် ငါးသောင်းနှုန်း၊ ယခုနှစ်တွင် ချေးပေးထားသည် မိုးသီးနှံချေးငွေကို မေလမှ စက်တင်ဘာအကုန်အထိ ထုတ်ချေးထားပြီး လာမည့်ဧပြီလအထိ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
“ ၂၀၂၀ မိုးချေးငွေကို လာရောက်ချေးယူလို့ရပါပြီ။ ယခုနှစ် မိုးချေးငွေလျာထားတာက ၁၆၂ ဒသမ ၉၆ ဘီလျံ လျာထားပါတယ်။ မေလ ၁၅ ရက်နေ့ကစတင်ပြီး မြို့နယ်စိုက်ဘဏ်တွေကနေ ထုတ်ချေးပေးနေပါပြီ။ ၂၀၁၉ မိုးရာသီအတွက် ချေးငွေက ၁၄၇ ဒသမ ၅၅ ဘီလျံ၊ ပြန်လည်ကောက်ခံရငွေက ၉၅ ဒသမ ၃၄ ဘီလျံ ကျန်ငွေ ၅၂ ဒသမ ၂၂ဘီလျံ ကျန်ရှိပြီး ရာခိုင်နှုန်းအရ ကောက်ခံရရှိမူ ၆၄ ဒသမ ၆၁ ရာခိုင်နှုန်း ကောက်ခံရရှိပါတယ်။ ပြန်လည်ကောက်ခံရန် ၃၅ ရာခိုင်နှုန်း ကျန်ရှိပါတယ်။ အခု မိုးရာသီ ချေးငွေက မေ ၁၅ ရက်ကနေ စက်တင်ဘာလအကုန်အထိ ချေးပေးပါမယ်။ ချေးငွေပုံစံက အရင်လို တစ်ဦးချင်းအနေနဲ့ ချေးယူလို့ရပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောကြားသည်။
ထို့အတူ MEB Two Step Loan များအပေါ် ကောက်ခံသည့်အတိုးနှုန်းအား ကိုးရာခိုင်နှုန်း သတ်မှတ်ကောက်ခံရာမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောပြသည်။
“MEB Two Step Loan က ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ကျန်တဲ့ချေးငွေအကုန်လုံးက ငါးရာခိုင်နှုန်း လျှော့ချထားပါတယ်။ အရင်ကဆို MEB Two Step Loan က ကိုးရာခိုင်နှုန်း ရှိတယ်။ အရင်စိုက်စရိတ်နဲ့ JICA က ရှစ်ရာခိုင်နှုန်းကနေ အခုငါးရာခိုင်နှုန်း ဖြစ်သွားတယ်။ အရင်က ဒဏ်တိုး ဧပြီလ ၁၆ ရက်နေ့က စကောက်တာ။ အခု မေလကုန်အထိ ကင်းလွတ်ခွင့်ပေးထားပြီး ဇွန်လ ၁ ရက်နေ့ ကစ ပြန်ကောက်မယ်။ အရင်တုန်းက ဒဏ်တိုးက ငွေတစ်ရာကို ဒဏ်ကြေး တစ်ကျပ် ကောက်တယ်။ အခု ဒဏ်တိုးပြားငါးဆယ် ဖြစ်သွားပါပြီ။ ဒဏ်တိုးကို တစ်ဝက်လျှော့ချပေးလိုက်ပါတယ်။ တောင်သူတွေအတွက် အဆင်ပြေအောင် အကုန်လျှော့ချပေးထားပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောပြသည်။
မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိုးကြိုမိုးရာသီနှင့် ဆောင်းရာသီများအတွက် တစ်နှစ်လျှင် သုံးကြိမ် ချေးငွေထုတ်ချေးပေးနေပြီး တောင်သူများအနေဖြင့် ချေးငွေအသစ် ထုတ်ချေးချိန်ရောက်မှသာ ပေးဆပ်သည့် အလေ့အထဖြစ်နေသည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ် မိုးချေးငွေထုတ်ချေးချိန်တွင် ၂၀၁၉ ခုနှစ် မိုးချေးငွေကို အပြေအကျေ ကောက်ခံဆောင်ရွက်သွားမည်ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။