မန်ယူအသင်း၏ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က လက်ရှိမန်ယူအသင်း၏အခြေအနေမှာ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကဲ့သို့ ကစားသမားပင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရလိမ့်မည်ဟု ထင်မြင်ကြောင်းသုံးသပ်ပြောကြားခဲ့သည်။
ပေါလ်စခိုးလ်က ပရီးမီးယားလိဂ်တွင် လစာအများဆုံးရရှိနေသည့် ချီလီလက်ရွေးစင်တိုက်စစ်ကစားသမား ဆန်းချက်ဇ်မှာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူအား အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုနေခြင်းမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအပါအဝင် ဆုဖလားရရှိရန် ရုန်းကန်ရမည်ဟု ပြောကြားခဲ့သည်။
လက်ရှိမန်ယူအသင်း၏အခြေအနေနှင့်ပတ်သက်ပြီး ပေါလ်စခိုးလ်က '' အခုအချိန်မှာ အသင်းကိုလာကစားတဲ့ကစားသမားတိုင်း ရုန်းကန်ရမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မက်ဆီကိုခေါ်ယူခဲ့မယ်ဆိုရင်လည်း ဒီအသင်းမှာ သူရုန်းကန်ရဖို့များပါတယ်။လက်ရှိအသင်းက ကစားသမားတွေဟာ အရည်အသွေးမရှိကြဘူးလို့တော့ မထင်ပါဘူူး။ ဒါပေမဲ့ ဒီဘရိုင်းနား၊ ဟာဇက်နဲ့ ဒေးဗစ်ဆေးလ်ဗားတို့အကြောင်းကို ကျွန်တော်ပိုစဉ်းစားမိပါတယ်။ ဆန်းချက်ဇ်ကတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ထင်ပါတယ်။ သူ့လိုကစားသမားမျိုး မလိုအပ်ပါဘူး။ လူကာကူကလည်း ယုံကြည်မှုအားနည်းတဲ့ကစားသမားပါ။ သူ့ကိုတိုက်စစ်မှူးအဖြစ် အသုံးပြုနေတာကြောင့် ဆုဖလားရမလားလို့မေးရင် ကျွန်တော်တော့ ရမယ်မထင်ပါဘူး။ လက်ရှိအခြေအနေကနေ ရုန်းကန်နိုင်ဖို့ မျှော်လင့်မိပါတယ်။ မော်ရင်ဟိုက နည်းပြကောင်းတစ်ဦးပါ။ အခုဖြစ်နေတာက ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကြောင့်ပါ '' ဟု ပြောကြားခဲ့သည်။
ပေါလ်စခိုးလ်သည် မန်ယူအသင်းတွင် အနာဂတ်မရေမရာဖြစ်နေသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏ခြေစွမ်းကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ခေါ်ယူတွေ့ဆုံမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်၌ (၄)ပွဲသာအနိုင်ရခဲ့ပြီး ထိပ််ဆုံးမှ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူူးလ်တို့နှင့် (၇)မှတ်ကွာဟလျက်ရှိကြောင်း သိရသည်။