အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ယာယာတိုရေးက အသင်းဖော်ဟောင်း ဒရော့ဘာကို အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ် (FIF) ဥက္ကဋ္ဌနေရာအတွက် ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြောကြားသည်။

ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်း ဒရော့ဘာက FIF ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာကတည်းက ကြေညာထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ရွေးကောက်ပွဲကျင်းပမည့် ရက်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစ၍ အနားယူချိန်အထိ အိုင်ဗရီကို့စ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဒရော့ဘာအနေဖြင့် လက်ရွေးစင်ဟောင်းများထံမှ ထောက်ခံမဲမရသဖြင့် ယာယာတိုရေးက ''ဒီအချိန်မှာ ကျွန်တော်တို့ ဘောလုံးလောကအတွက် အပြောင်းအလဲ လုပ်ရတော့မှာပါ။ ခေတ်နဲ့လျော်ညီတဲ့ ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒရော့ဘာကို ကျွန်တော်ထောက်ခံကြောင်းပြောတာက သူဟာ အာဖရိကအတွက် ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ ဘောလုံးသမားဟောင်းတစ်ဦး ဖြစ်သလို နိုင်ငံကိုလည်း ကောင်းမွန်အောင် လုပ်ပေးနိုင်တဲ့သူဖြစ်လို့ပါ။ သူက ကျွန်တော့်အတွက်တော့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်သလို အစ်ကိုကြီးတစ်ယောက်ဆိုလည်း မှန်ပါတယ်''ဟု အားပေးစကားပြောကြား ခြင်းဖြစ်သည်။
အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် ဒရော့ဘာ သည် အိုင်ဗရီကို့စ်အသင်းအတွက် ၁၀၅ ပွဲ ကစား ၆၅ ဂိုးသွင်းယူကာ သမိုင်းတစ်လျှောက် ဂိုးအများဆုံး စံချိန်တင်ထားသူဖြစ်သည်။















