မေဂျာလိဂ်ကလပ် မွန်တာရေးအင်ပက်အသင်းတိုက်စစ်ကစားသမား ကာကစ်က ဘာစီလိုနာအသင်းအနေဖြင့် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ထက် လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုကိုသာ ခေါ်ယူသင့်သည်ဟု ပြောကြားခဲ့သည်။
မေဂျာလိဂ်ကလပ် မွန်တာရေးအင်ပက်အသင်းတိုက်စစ်ကစားသမား ကာကစ်က ဘာစီလိုနာအသင်းအနေဖြင့် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ထက် လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုကိုသာ ခေါ်ယူသင့်သည်ဟု ပြောကြားခဲ့သည်။

အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဘာစီလိုနာအသင်း၏ အဓိကပစ်မှတ်ကစားသမားဖြစ်ပြီး ယင်းအပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိသည်ဟု ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
သို့သော် ကာကစ်က လော်တာရိုမာတီနက်ဇ်၏ ကစားပုံမှာ ဘာစီလိုနာအသင်း၏ ကစားဟန်နှင့် ကိုက်ညီမှုမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ကာကစ်က "လော်တာရိုမာတီနက်ဇ်ဟာ ကစားသမားကောင်းတစ်ယောက်ပါ။ အထူးသဖြင့် အင်တာမီလန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကစားဟန်နဲ့ဆို အရမ်းကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒါပေမဲ့ ဘာစီလိုနာကစားဟန်နဲ့ လော်တာရိုမာတီနက်ဇ် အံဝင်ပါ့မလား ကျွန်တော် သံသယဖြစ်မိပါတယ်။ ပြီးတော့ ဘာစီလိုနာအသင်းမှာ လော်တာရိုမာတီနက်ဇ်အနေနဲ့ စိတ်ကြိုက်နေရာ ကစားရဖို့လည်း မရှိပါဘူး။ လက်ရှိ ဂရီးဇ်မန်းကိုပဲ ကြည့်လေ။ ဂရီးဇ်မန်းက တိုက်စစ်ကစားသမား ဖြစ်ပေမယ့် တောင်ပံထွက်ကစားနေရတယ်။ ဒါကြောင့် သူခြေစွမ်းမပြနိုင်တာပါ။ ဒီတော့ လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူခဲ့မယ်ဆိုရင် သူ့အနေနဲ့ ရုန်းကန်ရမှာ သေချာပါတယ်။ ကျွန်တော်ကတော့ လော်တာရိုမာတီနက်ဇ်ထက် ဖေမီနိုက ဘာစီလိုနာအသင်းနဲ့ ပိုကိုက်မယ်လို့ ထင်ပါတယ်။ သူက တစ်သင်းလုံးကို ချိတ်ဆက်ပေးပြီး တစ်ကွင်းလုံးရွေ့လျားကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် လီဗာပူးလ်အသင်းအတွက် (၅)ရာသီအတွင်း ပရီးမီးယားလိဂ် (၁၆၆)ပွဲတွင် (၅၆)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃၉)ကြိမ်အထိ ပြုလုပ်ထားသည်။















