ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၌ လာမည့်မေလအတွင်း လေယာဉ်များ စမ်းသပ်ဆင်းတက်နိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၌ လာမည့်မေလအတွင်း လေယာဉ်များ စမ်းသပ်ဆင်းတက်နိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းကို တွေ့ရစဉ်
ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းကို တွေ့ရစဉ်
Published 29 April 2020
ရွှန်းလဲ့ဝင်း

ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၌ ၂၀၂၀ ပြည့်နှစ် မေလအတွင်း လေယာဉ်များ စမ်းသပ်ဆင်းတက်နိုင်ရန် ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

အစိုးရသစ်၏ စတုတ္တတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လေကြောင်းကဏ္ဍတွင် ချင်းပြည်နယ်၌ တည်ဆောက်နေသည့် လေဆိပ်သစ် တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ချင်းပြည်နယ် ဖလမ်းမြို့အနီး ATR-72 လေယာဉ်တွင်းဆင်းတက် အသုံးပြုနိုင်တဲ့ ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးကို နိုင်ငံတော်က ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလအတွင်း လေယာဉ်တွေ စမ်းသပ်ဆင်းတက်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

လက်ရှိတွင် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၌ တောင်ပေါ်ဒေသ လေယာဉ်ကွင်းများတွင် တပ်ဆင်အသုံးပြုသည့် Navigation Facilities များ တပ်ဆင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

သွားလာရခက်ခဲသည့် ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းတည် ဆောက်ရေးလုပ်ငန်းများအားလုံး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်ပြီးစီး၍ ATR-72 လေယာဉ်များ ဆင်းတက်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်းတွင်တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန်စသည့် ချင်းပြည်နယ်ရှိမြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပတ်ဝန်းကျင် တောင်တန်းထူထပ်မှုနှင့် ရာသီဥတုအခြေအနေများပေါ် မူတည်၍ တောင်ပေါ်ဒေသ လေယာဉ်ကွင်းများတွင် တပ်ဆင်အသုံးပြုသော DVOR ၊ AWOS ၊ Precision Approach Path Indicator (PAP) ၊ Runway Lighting ၊ Rotation Beacon ၊ HF ၊ VHF စသည့် လေယာဉ်ကွင်းတစ်ကွင်းတွင် လိုအပ်သော Navigation Facilities များ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။   

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ပအကူအညီနှင့် ပြည်ပချေးငွေတို့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ် ၁၄၁ ဒသမ ၁၁၂ ဘီလျံ တောင်းခံခဲ့ပြီး ဖလမ်းလေဆိပ်သစ်နှင့် သံတွဲလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဖလမ်းလေဆိပ် ပြီးစီးသွားရင် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး လုပ်ငန်းနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းများအားလုံး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးပြီး ATR-72 လေယာဉ်များ ဆင်းတက် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက် ရှိပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent