မြန်မာဝူရှူးအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ တတိယအကြိမ် ကမ္ဘာ့ဖလားထောက်လုပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ၂၀၂၂ ခုနှစ်သို့ ပြောင်းလဲကျင်းပရန် နိုင်ငံတကာဝူရှူးအဖွဲ့ချုပ် ဆုံးဖြတ်

မြန်မာဝူရှူးအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ တတိယအကြိမ် ကမ္ဘာ့ဖလားထောက်လုပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ၂၀၂၂ ခုနှစ်သို့ ပြောင်းလဲကျင်းပရန် နိုင်ငံတကာဝူရှူးအဖွဲ့ချုပ် ဆုံးဖြတ်
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 26 April 2020

နိုင်ငံတကာဝူရှူးအဖွဲ့ချုပ်သည် ကမ္ဘာ့ နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်တွင် ကျင်းပရန် စီစဉ်ထား သည့် ၂၀၂၀ တတိယအကြိမ် ကမ္ဘာ့ဖလား ထောက်လုပြိုင်ပွဲကို ကျင်းပတော့မည်မဟုတ်ဘဲ ၂၀၂၂ ခုနှစ်သို့ ပြောင်းလဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာဝူရှူးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလား ထောက်လုပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှ စ၍ (၂)နှစ်လျှင်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ယခုနှစ်ပြိုင်ပွဲကို နိုဝင်ဘာ (၁၄) ရက်မှ (၁၉) ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပရန် စီစဉ်ထားသည်။ နိုင်ငံတကာဝူရှူးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်တွင်လည်း ကမ္ဘာ့အဆင့် ပြိုင်ပွဲများစွာ ကျင်းပရန်ရှိသောကြောင့် ၂၀၂၂ ခုနှစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ 

မြန်မာဝူရှူးအဖွဲ့သည် ၂၀၁၆ ခုနှစ်က ဟောင်ကောင်၌ ကျင်းပသည့် ပထမအကြိမ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း ၂၀၁၈ ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ်က ကျင်းပသည့် ဒုတိယအကြိမ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နိုဝင်ဘာဒုတိယပတ်တွင် ရန်ကုန်မြို့ရှိ အမျိုး သားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ လက်ခံ ကျင်းပခဲ့သည်။  

မြန်မာဝူရှူးအဖွဲ့သည် ယင်း ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး  နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အား ကစားသမား (၈၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘာ့ဖလားထောက်လုပြိုင်ပွဲတွင် မြန်မာဝူရှူးအဖွဲ့အတွက် ပထမဆုံး ရွှေတံဆိပ် ဆုကို အမျိုးသားထိုက်ချိကျန့်ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကိုက ရယူပေးနိုင်ခဲ့သည်။ မြန်မာဝူရှူး အဖွဲ့အတွက် ငွေတံဆိပ်နှစ်ခုကို စန္ဒီဦးနှင့် အေးသစ္စာမြင့်၊ ကြေးတံဆိပ်နှစ်ခုကို ငြိမ်း ချမ်းကိုကိုနှင့် အေးသစ္စာမြင့်တို့က ရယူပေးခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ဝူရှူးပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပရာ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဝူရှူးအဖွဲ့ချုပ်သည် ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပမည့် ပြိုင်ပွဲကာလကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခြင်းရှိမရှိ ပြန်လည်ဆုံးဖြတ်မည်ဖြစ်သည်။  မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်သည် ၂၀၁၉ ဆီး ဂိမ်းစ်ပြိုင်ပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသောကြောင့် စခန်းဝင်လေ့ကျင့် မည့်အစီအစဉ်ကိုပါ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ် သည်။ 

မြန်မာဝူရှူးအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ရောဂါ သက်သာပျောက်ကင်းမှသာ စခန်းဝင် လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent