ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က မြန်မာနိုင်ငံ၏ COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု ပိုမိုကောင်းမွန်စေရန် Good Neighbors International မှတစ်ဆင့် ဒေါ်လာခုနစ်သိန်းတန်ဖိုးရှိ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ လှူဒါန်း

ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က မြန်မာနိုင်ငံ၏ COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု ပိုမိုကောင်းမွန်စေရန် Good Neighbors International မှတစ်ဆင့် ဒေါ်လာခုနစ်သိန်းတန်ဖိုးရှိ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ လှူဒါန်း
Published 6 April 2020
အိသဥ္ဇာကျော်

ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က မြန်မာနိုင်ငံ၏ COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု ပိုမိုကောင်းမွန်စေရန် Good Neighbors International မှတစ်ဆင့် ဒေါ်လာ ခုနစ်သိန်းတန်ဖိုးရှိ စမ်းသပ်ပစ္စည်း ကိရိယာများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း Acces to Health Fund က ဧပြီ ၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေနှင့် Good Neighbors International တို့သည် COVID-19 ရောဂါသံသယရှိသူများအား အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းက ရောဂါရှိမရှိ စမ်းသပ်မှုများ လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရေး ပံ့ပိုးရန် အမေရိကန်ဒေါ်လာ ခုနစ်သိန်း တန်ဖိုးရှိ စမ်းသပ်ပစ္စည်းကိရိယာများ၊ အခြားဓာတ်ခွဲခန်း သုံးပစ္စည်းများ ဝယ်ယူခဲ့ကြောင်း၊ ပထမအသုတ်ပစ္စည်းများ (COVID-19 စမ်းသပ်ပစ္စည်း ၅၀၀၀ ကျော်၊ ဓာတ်ခွဲရန်နမူနာကို ပို့ဆောင်သည့် VTM ဖန်ချောင်း ၁၀၀၀၀) သည် ရန်ကုန်လေဆိပ်သို့ ယမန်နေ့က ဆိုက်ရောက်လာခဲ့ကြောင်း၊ ယင်းပစ္စည်းများကို COVID-19 ရောဂါအား အဘက်ဘက်မှ တုံ့ပြန်ဆောင်ရွက်မှုကို အထောက်အကူပြုနေသည့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ အလျင်အမြန် လွှဲပြောင်းပေးခဲ့ကြောင်းနှင့် အစီအစဉ်အရ စမ်းသပ်ပစ္စည်း စုစုပေါင်း ၂၀၀၀၀ ကိုလည်း ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Good Neighbors International သည် ၎င်းစီမံကိန်း လုပ်ဆောင်နေသည့် ရန်ကုန်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် အပူပိုင်းဒေသများရှိ အိမ်ထောင်စု ၃၀၀၀၀ ကို ဦးတည်ပြီး COVID-19 ကြောင့် ဘေးအန္တရာယ်ရှိနိုင်သည့် အခြေအနေများကို လူထုအကြား အသိနိုးကြားလာစေရေး လုပ်ဆောင်ချက်များ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေနှင့် အလှူရှင်များဖြစ်သည့် ဗြိတိန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် လက်ရှိဖြစ်ပေါ်နေသည့် ကျန်းမာရေးပြဿနာကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေသည် နယ်စပ်ဒေသများနှင့် အစိုးရထိန်းချုပ်မှုအောက်တွင် မရှိသည့် ဒေသများတွင် လုပ်ဆောင်နေသည့် ရောဂါကူးစက်ခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းများအား ပံ့ပိုးရင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တုံ့ပြန်ဆောင်ရွက်မှုကို ပံ့ပိုးမှုများ လုပ်ဆောင်ရာတွင် အခြားအဖွဲ့အစည်း များနှင့်လည်း ညှိနှိုင်းဆွေးနွေး လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ ဂျပန်နိုင်ငံတို့က ဆေးရုံသုံးနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ လှူဒါန်းထားကြောင်း သက်ဆိုင်ရာ သံရုံးအသီးသီးက သတင်းထုတ်ပြန် ကြေညာထားသည်။

မတ် ၁၉ ရက်က မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ပြန့်ပွားမှု လျော့ပါးသက်သာရေးအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်တတ်သော ရောဂါအတွက် အရေးပေါ်အရန်ရန်ပုံ ငွေအစီအစဉ်မှ ဒေါ်လာ ၁ ဒသမ ၈ သန်း ငွေကြေးအကူအညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ USAID သည် ယခုရန်ပုံငွေများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နှင့် USAID’s Breakthrough Action စီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Save the Children နှင့် ဂျွန်ဟော့ကင်း တက္ကသိုလ်တို့ကို ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

GAVI – the Vaccine Alliance ၏ Health system strengthening - 2 ရန်ပုံငွေမှ ၁၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀ သန်းကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အကြောင်းကြားခဲ့၍ ၎င်းရန်ပုံငွေများကို အသုံးချဆောင်ရွက်ရန် လုပ်ငန်းစီမံချက် အဆိုပြုလွှာတစ်ခု ပြုစုပေးပို့ကာ လက်ခံရရှိမည် ဖြစ်ကြောင်းနှင့် USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပံ့ပိုးပေးထားသော ရန်ပုံငွေများထဲမှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းကို ရယူအသုံးပြုနိုင်ရန် အကြောင်းကြားစာ ရရှိသည့်အတွက် နိုင်ငံအတွင်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လည်းကောင်း၊ ဆေးရုံ၏ လိုအပ်ချက်များ ပံ့ပိုးရာတွင်လည်းကောင်း အသုံးပြုသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။              

 

Most Read

Most Recent