Lockdown ချထားခြင်းနှင့် ပြည်သူတို့၏ စားဝတ်နေရေး

Lockdown ချထားခြင်းနှင့် ပြည်သူတို့၏ စားဝတ်နေရေး
Published 24 March 2020

COVID- 19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် အစိုးရအဖွဲ့များက Lockdown ဟု ခေါ်သည့် နည်းလမ်းတစ်ရပ်ကို ကျင့်သုံးလာကြသည်။ နောက်ဆုံးအဖြစ် နယူးဇီလန်နိုင်ငံသည် မတ် ၂၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သီတင်းလေးပတ်ကြာ Lockdown ပြုလုပ်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ထပ်မံကူးစက်ခံရသူ ၃၆ ဦး ထပ်မံပေါ်ထွက်လာကာ စုစုပေါင်း ၁၀၂ ဦး ဖြစ်လာပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ နယူးဇီလန်၌ Lockdown ချထားခြင်းနှင့် ပတ်သက်၍ NZ Herald သတင်းစာက သိမှတ်ဖွယ်ရာများကို ဖော်ပြခဲ့ရာ အချက်အလက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

မဖြစ်မနေမဟုတ်သော လုပ်ငန်းများအားလုံးကို ပိတ်ပစ်ရမည်ဖြစ်ပြီး လူတိုင်းသည် တစ်ဦးတည်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် မရှိမဖြစ် ဝန်ဆောင်မှုများထံသို့ သွားခြင်းတို့မှလွဲ၍ နေအိမ်ထဲ၌သာ နေကြရမည်ဖြစ်သည်။ Lockdown ချထားစဉ်အတွင်း စူပါမားကက်များကို ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်းကို ဆက်လက်ထားရှိရမည်ဖြစ်သည်။ Lockdown တာဝန်အဖွဲ့များအနေဖြင့် အနေအထားအရ၊ အနေအထား ဖြစ်ပေါ်ပြောင်းလဲမှုအရ အကြံဉာဏ်များကို Update လုပ်ကာ ပေးသွားရမည်ဖြစ်သည်။ Lockdown ချလိုက်သည့်အခါ ဦးစွာကြောက်ရွံ့့ထိတ်လန့်ခြင်း မဖြစ်ရန်လိုသည်။ နိုင်ငံသားများအနေဖြင့် စူပါမားကက်များသို့ သွားနိုင်ဆဲဖြစ်ပြီး ယင်းတို့၌ အစားအစာများ အမြဲရှိနေမည်ဖြစ်သည်။ ထောက်ပံ့ရေးလမ်းကြောင်း ဆက်လက်လည်ပတ်နေရန်အတွက် အစိုးရက တာဝန်ယူ တာဝန်ခံထားရမည်ဖြစ်သည်။ သို့သော် နိုင်ငံသားများအနေဖြင့် မိမိဘာသာ အစီအစဉ်များ စတင်ချမှတ်ကာ ပြင်ဆင်ထားသင့်သည်။ ယင်းတို့၌ မိမိမိသားစုများ၊ ဆွေးမျိုးများတို့နှင့် တိုင်ပင်ကာ အစီအစဉ်များရေးဆွဲခြင်း၊ မိမိတို့၏ လူ့အသိုင်းအဝိုင်းအတွင်း ဆက်သွယ်ရန် အသေးစိတ်အချက်များ ရေးဆွဲထားခြင်းနှင့်Lockdown  ကာလတစ်လျှောက် မိမိအနေဖြင့် မည်သို့မည်ပုံ ဆောင်ရွက်မည်နည်းဟူသည်ကို တွေးတောခြင်းတို့ ပါဝင်သည်။ မိမိအနေဖြင့် အလုပ်ကို အိမ်မှနေ၍ လုပ်ဆောင်၍ ဖြစ်နိုင်သလားဟူသည်ကို သိရှိထားသင့်သည်။ မိမိအနေဖြင့် နေအိမ်မှ အဝေးသို့ ရောက်ရှိနေပါက ချက်ချင်း နေရပ်ပြန်ရန် စီစဉ်ရမည်ဖြစ်သည်။

Lockdown ၏ ရည်မှန်းချက်သည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရန်ဖြစ်သည်။ အစိုးရအနေဖြင့် ဖြစ်နိုင်သည့် အန္တရာယ်များနှင့် လူအုပ်အတွင်းပျံ့နှံ့မှုတို့ကို တွက်ချက်သုံးသပ်ကာ ဘေးကင်းလုံခြုံမှုရှိပါက တစ်ဆင့်ချင်း ပြန်လည်လျှော့ချသွားရမည် ဖြစ်သည်။ Lockdown သတ်မှတ်ချက်များနှင့်အညီ အမိန့်အာဏာ ထိန်းသိမ်းခြင်းကို ရဲတပ်ဖွဲ့နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များက ဆောင်ရွက်ရသည်။ လမ်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လုံလောက်စွာ ချထားရမည်ဖြစ်သည်။ လိုအပ်ပါက တပ်မတော်မှ ပူးပေါင်းကူညီရမည်ဖြစ်သည်။ Lockdown ၏ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသူများကို အာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။ အစိုးရအနေဖြင့် ရောဂါခြေချုပ်ချထားခြင်းကို ငြင်းဆန်သူများကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

Lockdown ၏ စည်းမျဉ်းများ၌ မည်သည်တို့ကို မရှိမဖြစ် ဝန်ဆောင်မှုများဟု သတ်မှတ်မည်နည်းဟူသည့် အချက်က အရေးကြီးသည်။ စူပါမားကက်များနှင့် ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထားရှိရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးတို့အတွက် ပူပင်ကြောင့်ကြမှု မရှိရအောင် ဆောင်ရွက်ပေးရန် အစိုးရက တာဝန်ယူတာဝန်ခံရမည် ဖြစ်သည်။ အဆိုပါစူပါမားကက်များ ဘေးကင်းလုံခြုံမှုကို ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ဆက်လက်အလုပ်လုပ်ကိုင်ရန် လိုအပ်သောကြောင့် ဆေးရုံများနှင့် ဆေးခန်းများ ဆက်လက်ဖွင့်ထားရမည် ဖြစ်သည်။ အရေးပေါ်ဝန်ဆောင်များနှင့် အရေးကြီးသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပြုရမည်ဖြစ်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်သူတို့အတွက် မရှိမဖြစ် ဝန်ဆောင်မှုအားလုံးကို ခွင့်ပြုထားရမည်ဖြစ်သည်။ ရေဒီယို၊ ရုပ်သံ၊ သတင်းစာ အစရှိသည့် မီဒီယာများအားလုံးသည် ပြည်သူများအား အရေးကြီးသည့် သတင်းအချက်အလက်များ၊ လက်တွေ့ကျသော အကြံဉာဏ်များနှင့် သုံးသပ်ချက်များ ပေးရမည် ဖြစ်သောကြောင့် မရှိမဖြစ်ဝန်ဆောင်များ၌ ပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ COVID- 19  ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရာ၌ Lockdown ချထားခြင်းသည် ထိရောက်သော နည်းလမ်းတစ်ရပ်ဖြစ်သည်မှာ မှန်သော်လည်း ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်၌ နေထိုင်နေရသည့် မြန်မာနိုင်ငံတွင် မဖြစ်မနေ Lockdwon ချထားရတော့မည့် အနေအထားအား ကြုံတွေ့လာရပါက တစ်နေ့လုပ်မှ တစ်နေ့စားကြရသည့် ဆင်းရဲသားပြည်သူများ၏ စားဝတ်နေရေးအား Lockdown ချထားသည့်ကာလအတွင်း မည်သူက တာဝန်ယူ တာဝန်ခံပေးမည်နည်းဆိုသည်မှာ အရေးအကြီးဆုံး မေးခွန်းတစ်ခုဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 (မတ်လ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent